ဖူလ်ဟမ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ၀က်ဖို့ဒ်နဲ့ပွဲမှာ (၄-၁)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ရာသီမကုန်ခင်မှာပဲ လိဂ်ချန်ပီယံရှစ်ကို တန်းပြန်ဆင်းခဲ့ရပြီဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ပရီးမီးယာလိဂ်ပွဲစဉ်(၃၃)ပွဲ ကစားပြီးချိန်မှာ (၁၇)မှတ်သာရရှိခဲ့ပြီး အဆင့်(၁၇)နေရာက ဘန်လေအသင်းနဲ့ (၁၆)မှတ်အထိ ကွာဟသွားပြီဖြစ်လို့ သင်္ချာနည်းအရ ဘယ်လိုမှ လိုက်မမီတော့ပါဘူး။ ဖူလ်ဟမ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိဂ်ချန်ပီယံရှစ် Play Off ဗိုလ်လုပွဲမှာ ဗီလာအသင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တစ်ကျော့ပြန်ခြေချခဲ့သလို ရာသီအစပိုင်းမှာ နာမည်ကျော်ကစားသမားတွေကို ပေါင်သန်း(၁၀၀)ကျော် အသုံးပြုခေါ်ယူခဲ့တာကြောင့် တန်းတက်အသင်းတွေထဲမှာ ငွေကြေးသုံးစွဲမှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ဖူလ်ဟမ်အသင်းရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်က မျှော်လင့်သလိုဖြစ်မလာခဲ့ဘဲ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းက နည်းပြ ဂျိုကန်နိုဗစ် Slavisa Jokanovic ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ၀ါရင့်နည်းပြ ရာနီရေးရီ Claudio Ranieri ကို နည်းပြသစ်ခန့်အပ်ခဲ့ပေမယ့်လည်း ရလဒ်ပိုင်းက တိုးတက်လာခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာပဲ ရာနီရေးရီလည်း သူ့ ရာထူးကို စွန့်လွှတ်ခဲ့ရပြီး ယာယီနည်းပြအဖြစ် စကော့ပါကား Scott Parker ကို ခန့်အပ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အဓိက ဆိုးရွားခဲ့တာက ခံစစ်ပိုင်းဖြစ်ပြီး (၃၃)ပွဲမှာ (၇၆)ဂိုးအထိ ပေးခဲ့ရတာက ပြီးခဲ့တဲ့နှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ခံစစ်စွမ်းဆောင်ရည်ဖြစ်ခဲ့တယ်။ နောက်တစ်ခုက အသင်းတွင်း စည်းလုံးညီညွတ်မှုမရှိဘဲ နည်းပြနဲ့ ကစားသမားတွေကြား အဆင်မပြေဖြစ်ခဲ့တာက ဖူလ်ဟမ်အသင်း အခုလို တန်းဆင်းခဲ့ရတဲ့အကြောင်းရင်း တစ်ချက်ပဲဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဟတ်ဒါဖီးလ်အသင်း တန်းဆင်းဖို့ သေချာသွားတဲ့နောက် လာမယ့်ရာသီ လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းရမယ့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

REF:Daily Mail
Photo:Stadium Astro,telegraph
Naing Linn(Akhayar)
www.akhayar.com