အမေရိကန်ကုန်သွယ်ရေးကော်မရှင် (FTC) က Facebook ကို ဒီနေ့ပဲ စံချိန်တင်ဒဏ်ကြေး ရိုက်လိုက်တာ ဖတ်လိုက်ရမယ် ထင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ Cambridge Analytica ဒေတာအရှုပ်တော်ပုံကြောင့် Facebook ဘက်က ဒဏ်ကြေး ဒေါ်လာ ၅ ဘီလျံ ပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

စောစောရောက်လာတဲ့ ခရစ်စမတ်လက်ဆောင်

ကန်ဒေါ်လာ ၅ ဘီလျံ ဒဏ်ကြေးဟာ FTC သမိုင်းတလျှောက်မှာလည်း အများဆုံးဒဏ်ကြေးပါ။ ဒါပေမယ့် New York Times က Mike Isaac ထောက်ပြထားသလိုပဲ ယခု ပြစ်ဒဏ်ဟာ Facebook အတွက် “ဆုလာဘ်” တခုလိုတောင် ဖြစ်နေပါတယ်။ ဘာလို့လည်းဆိုတော့ FTC က စံချိန်တင်ဒဏ်ကြေး ရိုက်လိုက်ပြီဆိုတဲ့ သတင်းထွက်လာအပြီးမှာပဲ Facebook ရှယ်ယာဈေးနှုန်းတွေက မကျသွားတဲ့အပြင် ပိုတောင် ထောင်တက်သွားခဲ့ပါတယ်။

The Verge ကတော့ FTC ရဲ့ ဒဏ်ကြေးပြစ်ဒဏ်ကို “Embarrassing Joke” လို့တောင် သုံးထားပါတယ်။ ကျနော်ကတော့ Rhode Island မဲဆန္ဒနယ်က ဒီမိုကရက်ပါတီဝင် အောက်လွှတ်တော်အမတ် David Cicilline ပြောတာကို ပိုသဘောကျပါတယ်။

“FTC က Facebook ကို ငါးလစောပြီး ခရစ်စမတ်လက်ဆောင် ပေးလိုက်တာပေါ့”

သမိုင်းတလျှောက် စံချိန်တင်ဒဏ်ကြေး

တကယ်တမ်းတော့ ‘ဒေါ်လာ ၅ ဘီလျံ’ ဆိုတဲ့ ဒဏ်ကြေးပမာဏက တော်တော်လေး များပါတယ်။ ၂၀၁၂ မှာ Google ကို ရိုက်ခဲ့တဲ့ ဒဏ်ကြေး ဒေါ်လာ ၂၂ သန်းနဲ့ ယှဉ်မယ်ဆိုရင် အပုံကြီးကွာပါတယ်။ FTC သမိုင်းတလျှောက် အများဆုံးဒဏ်ကြေးဆိုတဲ့ စံချိန်တင်ထိုက်တဲ့ ပမာဏပါ။ ဒါပေမယ့် လက်ရှိ Facebook စီးပွားရေးနဲ့ ယှဉ်မယ်ဆိုရင်တော့ ဒီဒဏ်ကြေးက ပမွှားလောက်ပဲ ရှိပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့ သုံးလပတ်တခုတည်းမှာတင် ဝင်ငွေ ၁၅ ဘီလျံ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာတင် ရခဲ့တဲ့ ‘အမြတ်’ ငွေက ဒေါ်လာ ၂၂ ဘီလျံ ပါ။ အခု ဒဏ်ကြေးက Facebook ရဲ့ တလ ဝင်ငွေ လောက်ပဲ ရှိမှာပါ။ အခုလို ကုမ္ပဏီ ရှယ်ယာတန်ဖိုးတွေ တက်သွားတော့ သိပ်တောင် ထိခိုက်မှုရှိမှာ မဟုတ်ပါဘူး။

တနည်းအားဖြင့် FTC ရဲ့ အမေရိကန်သမိုင်းတလျှောက် အကြီးမားဆုံး ဒဏ်ကြေးဟာ Mark Zuckerberg ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကိုတောင် မြှင့်ပေးလိုက်သလိုပါပဲ။

သဘောထားကွဲလွဲနေတဲ့ FTC ပြစ်ဒဏ်

FTC ဟာ Facebook အပေါ် ဒဏ်ကြေး ပြစ်ဒဏ် ချမှတ်ဖို့ အခု သောကြာနေ့မှာ မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ FTC ကော်မရှင်နာ ငါးဦးရှိရာမှာ Democrats ၂ ဦးကပဲ ကန့်ကွက်မဲပေးခဲ့ပြီး၊ Republican ကော်မရှင်နာတွေက ထောက်ခံခဲ့တာကြောင့် ၃ မဲ – ၂ မဲနဲ့ အတည်ပြုချက် ရသွားတာ ဖြစ်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြထားပါတယ်။

Democrats အချို့က Facebook ကို ယခုထက် ပို စည်းကမ်းတင်းကြပ်ချင်ပြီး၊ အချို့ကတော့ အခု ဒဏ်ကြေးပြစ်ဒဏ်ဟာ မလုံလောက်ဘူးလို့ ဝေဖန်နေကြပါတယ်။

“User Privacy နဲ့ Data တွေကို ကာကွယ်မှုပေးဖို့အတွက် FTC က လုံလောက်တဲ့ အတားအဆီး၊ အထိန်းအကွပ်တွေ မလုပ်ချင်တာ ဒါမှမဟုတ် မလုပ်နိုင်တာကြောင့် လွှတ်တော်က ကြားဝင်သင့်ပါပြီ”

လို့ အမေရိကန်လွှတ်တော်အမတ် Mark Warner က ဆိုပါတယ်။

ယခု ဒဏ်ကြေးပြစ်ဒဏ်ကို အမေရိကန် တရားဥပဒေစိုးမိုးမှုအဖွဲ့က အပြီးသတ် အတည်ပြုပေးဖို့ လိုတော့ လိုပါသေးတယ်။ ဒါလည်း အချိန်ဘယ်လောက်ကြာမလဲ မသိရသေးပါဘူး။

တခု တိုက်ဆိုက်တာက “ဒေါ်လာ ၅ ဘီလျံ ဒဏ်ကြေးပမာဏ” ဟာ အခုနှစ်အစောပိုင်းကတည်းက Facebook ကြိုတင် ခန့်မှန်းထားတဲ့ ဒဏ်ကြေးပမာဏနဲ့ သွားတိုက်ဆိုင်နေပါတယ်။

Democract အောက်လွှတ်တော်အမတ် David Cicilline ကတော့ အခုပြစ်ဒဏ်ဟာ “ခရစ်စမတ်လက်ဆောင် ငါးလ ကြိုပေးလိုက်သလိုပါပဲ” လို့ မှတ်ချက်ပြုထားပါတယ်။

“လက်မခံနိုင်လောက်စရာ ဆိုးရွားတဲ့အပြုအမူမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ ဧရာမ အင်အားကြီး ကုမ္ပဏီတခုကို အခုလို လျော့လျော့ပေါ့ပေါ့လေး ဒဏ်ခတ်လိုက်တာက တကယ်စိတ်ပျက်စရာကောင်းပါတယ်ဗျာ”

လို့ ဆိုပါတယ်။

Democrat လွှတ်တော်အမတ် Richard Blumenthal ကလည်း “အမေရိကန်နိုင်ငံရဲ့ သုံးစွဲသူ Privacy အကာအကွယ်ပေးမှုဟာ ‘ဟန်သာရှိပြီး အဆံမရှိတဲ့ သင်္ကြန်အမြှောက်’ ဆိုတာ ကမ္ဘာကို အသိပေးလိုက်သလိုပါပဲ။ သိပ်စိတ်ပျက်စရာပါ” လို့ ဝေဖန်ခဲ့ပါတယ်။

Facebook သင်ခန်းစာ ရသွားပြီလား

ဆိုးရွားတဲ့ အပြုအမူအတွက် ပြစ်ဒဏ်တွေ၊ ဒဏ်ကြေးတွေ ပေးရတယ်ဆိုတာက တကယ်တမ်း ‘အနှုတ်ဘက်ပြတဲ့ အကျိုးဆက်’ တွေ ပေးနိုင်မှ ဟန်ကာကျပါတယ်။ မဟုတ်ရင်တော့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ။ Cambridge Analytica မတိုင်ခင်ကတည်းကကော၊ ဖြစ်ပြီးနောက်မှာကော Facebook မကောင်းသတင်းတွေ ဆက်ကြားနေရတာက သက်သေပါပဲ။

အခုလည်း ကြည့်။ အာဏာပိုင်တွေက ဒဏ်ရိုက်လိုက်ပေမယ့်၊ ဈေးကွက်က ‘ဆုလာဘ်’ ပြန်ပေးလိုက်တော့ Facebook အတွက် သင်ခန်းစာက ‘တမျိုး’ ဖြစ်သွားပါပြီ။ Mark Zuckerberg အပါအဝင် ကုမ္ပဏီရဲ့ တခြား တာဝန်ရှိသူတွေ သင်ခန်းစာ ရ၊ မရတော့ ကျနော်တို့လည်း သိနိုင်မှာ မဟုတ်ပါဘူး။ Investors တွေ ပျော်သွားတာတော့ အသေအချာပါပဲ။

ဒီကိစ္စအပေါ် Facebook ရဲ့ Privacy and Public Policy Extern လက်ထောက်သုတေသနအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Lindsey Barrett ပြောထားတာကလည်း စဉ်းစားစရာပါ။

အခြားစည်းကမ်းချက်များ

FTC က ဒဏ်ကြေးပြစ်ဒဏ်တခုတည်းနဲ့ အမှုကြေအေးလိုက်တာတော့ မဟုတ်ပါဘူး။ တခြား အချက်အလက်တွေလည်း ပါဝင်ပါတယ်။ Facebook အနေနဲ့ Products အသစ် မထုတ်ခင်မှာ ဒေတာတွေကို ဘယ်ပုံဘယ်နည်း အသုံးပြုဖို့ စီစဉ်ထားတယ်ဆိုတာ စနစ်တကျ တင်ပြရမယ်၊ Zuckerberg လို အမှုဆောင်အရာရှိတွေအနေနဲ့ အသုံးပြုသူတွေရဲ့ ဒေတာလွတ်လပ်ခွင့် (Privacy) ကို ကာကွယ်ပေးဖို့ ကတိပြုရမယ် စသဖြင့်ပါ။

ဒါပေမယ့် ဒီစည်းကမ်းချက်တွေမှာ Facebook ရဲ့ Data ကောက်ယူ၊ မျှဝေမှုကို တားဆီးမယ့် အချက်တွေ မပါဝင်ပါဘူး။ အဆိုပါဒေတာတွေကို မှီခိုနေတဲ့ Facebook ရဲ့ ‘ငွေသိုက်’ ကြော်ငြာလုပ်ငန်း အပေါ်လည်း ဘာမှ ထိခိုက်မှု ရှိမှာ မဟုတ်ပါဘူး။

အခု ဒဏ်ကြေးပြစ်ဒဏ်ဟာ ကုမ္ပဏီရဲ့ အပြုအမူကို အဟန့်အတား မဖြစ်နိုင်ဘူးဆိုတာ ကုမ္ပဏီရဲ့ Wall Street တန်ဖိုးက အထင်ရှားဆုံး သက်သေသာဓကဖြစ်ကြောင်း Privacy နဲ့ Consumer ကာကွယ်ရေး ထောက်ခံသူအချို့က ပြောကြားခဲ့ပါတယ်။

Cosumer ကာကွယ်ရေးအဖွဲ့တခုရဲ့ သဘာပတိဖြစ်သူ Robert Weissman က

“FTC နဲ့ Facebook တို့ ဒဏ်ကြေးနဲ့ အမှုပြေငြိမ်းသွားတာကို စတော့ရှယ်ယာ တန်ဖိုးတွေ ခုန်တက်သွားတဲ့ ဈေးကွက်တုံ့ပြန်မှုမျိုးက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Cambridge Analytica ဒေတာအရှုပ်တော်ပုံအကြောင်း

Cambridge Analytica ကုမ္ပဏီနဲ့ Facebook တို့ရဲ့ ဒေတာအရှုပ်တော်ပုံအကြောင်း သတင်းစထွက်လာတာက ၂၀၁၅ ဒီဇင်ဘာ ကတည်းကပါ။ ဟိုးလေးတကျော်ဖြစ်သွားတာကတော့ ၂၀၁၈ ၊ မတ်လ ၁၇ ရက်မှာ ဖြစ်ပါတယ်။

Facebook ရဲ့ ဒီဇိုင်း (Data Design) ကြောင့် Cambridge Analytica က Facebook အသုံးပြုသူတွေကို စစ်တမ်းကောက်ရာမှာ ကိုယ်တိုင် သဘောတူပြီး ပါဝင်တဲ့ User တွေသာမက၊ အဆိုပါ User တွေရဲ့ Facebook ကွန်ရက်အတွင်းက လူအားလုံးရဲ့ Information အကုန်ကို ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ အမေရိကန်က User သန်း ၇၀ လောက် ပါ ပါတယ်။ ဒီ Data တွေကို နိုင်ငံရေးကမ့်ပိန်းတွေမှာ ပြန်သုံးလိုက်တော့ အရှုပ်တော်ပုံက တော်တော်ကြီးသွားခဲ့တာပါ။

Ref: NY Times, The Verge, Wikipedia, Twitter, Reuters