မန်ယူအသင်း ရလဒ်ဆိုးရင်ပဲဖြစ်ဖြစ် ၊ ကစားသမားသစ်မခေါ်ယူနိုင်ရင်ပဲ ဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး ပရိသတ်တွေရဲ့ဝေဖန်မှုကို အမြဲခံနေရသူတစ်ဦးရှိပါတယ်။ သူကတော့ မန်ယူအသင်းရဲ့ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝပ် Ed Woodward ပါပဲ။ ဒီလိုမျိုးဖြစ်နေရတာကလည်း အက်ဒ်ဝုဒ်ဝပ် ဟာ မန်ယူအသင်းမှာ အာဏာရှိသူတစ်ဦးဖြစ်သလို အပြောင်းအရွှေ့ အခြေအနေတွေကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိနေလို့ပါ။ ပြောရရင်တော့ ပရိသတ်တွေ ဝေဖန်တာကလည်း သိပ်မဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အက်ဒ်ဝုဒ်ဝပ် မန်ယူအသင်းအတွက် လုပ်ဆောင်ခဲ့တဲ့ အပြောင်းအရွှေ့အများစုက ကျရှုံးခဲ့လို့ပါပဲ။ အက်ဒ်ဝုဒ်ဝပ် ဟာ အမှုဆောင်ချုပ်စတင်ဖြစ်ခဲ့တဲ့ ၂၀၁၂ ကနေ ပြီးခဲ့တဲ့ ဘောလုံးရာသီအထိ အပြောင်းအရွှေ့အသုံးစရိတ်အဖြစ် ပေါင်သန်း(၇၅၀)နီးပါး သုံးစွဲထားပါတယ်။ အခုဒီအနေအထားတွေကို နာမည်ကျော် အားကစားဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Goal.com က မန်ယူအသင်းမှာ အက်ဒ်ဝုဒ်ဝပ် လုပ်ဆောင်ခဲ့တဲ့ အပြောင်းအရွှေ့အကောင်းအဆိုးတွေကို ဖော်ပြပေးခဲ့တာကြောင့် ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

JANKO – from FC Zurich (£700,000)

ယန်ကို Janko ဟာ မန်ယူကစားသမားဟောင်း တစ်ဦးဖြစ်တယ်လို့ ပြောရင် မသိတဲ့လူက ခပ်များများဖြစ်မှာသေချာပါတယ်။ ၂၀၁၃ ခုနှစ်က FC Zurich အသင်းကနေ မန်ယူအသင်းဟာ ယန်ကို ကို ပေါင်(၇)သိန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းအတွက် လိဂ်ဖလားပွဲ(၁)ပွဲသာ ကစားခွင့်ရခဲ့တာပါ။ ဒီလိုကစားသမားမျိုးရဲ့ အပြောင်းအရွှေ့ကို အဆင့်သတ်မှတ်ချက်(၁၀)မှာ (၃)ပေးထားတာကတော့ ထူးဆန်းနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။

DARMIAN – from Torino (£16m)

မန်ယူအသင်းမှာ ဒါမီယန် Darmian ဟာ အရန်ကစားသမားအဖြစ်နဲ့သာ ဖြတ်သန်းနေရပေမယ့် လိုအပ်လာတဲ့ အချိန်မှာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားတဲ့ ကစားသမားဖြစ်တာကြောင့် ပရော်ဖက်ရှင်နယ်ဆန်သူလို့ ခေါင်းစဉ်တပ်ရမှာပါ။ ဒါမီယန် ရဲ့အပြောင်းအရွှေ့ကိုတော့ အဆင့်သတ်မှတ်ချက်(၁၀)မှာ (၄)ပေးထားတာကြောင့် ကိုက်ညီမှုရှိတဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။

POOLE – from Newport County (£180,000)

ပိုးလီ Poole ကလည်း ဇန်ကို လိုပါပဲ။ မန်ယူပရိသတ်တွေတောင် မသိတဲ့ မန်ယူကစားသမားတစ်ဦးပါ။ ပိုးလီ ကလည်း ပွဲစဉ်(၁)ပွဲသာ ကစားခွင့်ရရှိခဲ့ပေမယ့် သူ့ရဲ့ အပြောင်းအရွှေ့ကို အဆင့်သတ်မှတ်ချက်(၁၀)မှာ (၄)ပေးထားတာကတော့ တော်တော်လေးကိုထူးဆန်းနေပါတယ်။

FELLAINI – from Everton (£28m)

ဖယ်လိုင်နီ Fellaini ရဲ့ အပြောင်းအရွှေ့ကတော့ မန်ယူအသင်းအတွက် အောင်မြင်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပါတယ်။ ဖယ်လိုင်နီ ဟာ ဒေးဗစ်မွိုက်စ် David Moyes လက်ထက်မှာ ပုံမှန်ခြေစွမ်းရဖို့ ခက်ခဲခဲ့ပေမယ့် ဗန်ဟားလ် Van Gaal နဲ့ မော်ရင်ဟို Mourinho တို့ လက်ထက်မှာတော့ နည်းဗျူဟာအရ အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့ပြီး သူ့ရဲ့အမြင့်ဘောအားသာချက်တွေနဲ့ အသင်းကို အကူအညီကောင်းတွေပေးခဲ့သလို အသင်းအတွက် အဆုံးအဖြတ်ဂိုးတွေကိုလည်း သွင်းယူပေးခဲ့ပါတယ်။ ဒီ အပြောင်းအရွှေ့ကိုတော့ အဆင့်သတ်မှတ်ချက်(၁၀)မှာ (၅)ပေးထားပါတယ်။

ROJO – from Sporting (£16m)

ရိုဟို Rojo ဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေရတာကတော့ အသင်းအတွက် တကယ့်ကို စိတ်ပျက်စရာ အခြေအနေတစ်ခုပါ။ ရိုဟို ရဲ့အပြောင်းအရွှေ့ကိုတော့ အဆင့်သတ်မှတ်ချက်(၁၀)မှာ (၅)ပေးထားတာကြောင့် နည်းနည်းတော့ များနေတယ်လို့ ပြောရပါလိမ့်မယ်။

FOSU-MENSAH – from Ajax (£350,000)

ဖိုဆူမန်ဆာ Fosu-Mensah ဟာ ခြေစွမ်းကောင်းတဲ့ ကစားသမားဖြစ်သလို အငှားနဲ့ အတွေ့အကြုံတွေရှာခဲ့ပြီးပြီဖြစ်တာကြောင့် လက်ရှိအချိန်ဟာ အသင်းမှာ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်ရတော့မယ်အချိန်ဖြစ်ပါတယ်။ ဖိုဆူမန်ဆာ လို ကစားသမားမျိုးကို ခေါ်ယူဖို့အတွက် မန်ယူအသင်းဟာ ပေါင်(၃၅၀၀၀၀)သာ အသုံးပြုခဲ့ရတာကြောင့်လည်း တန်ခဲ့တယ်လို့ ပြောရမှာပါ။ ဒီအပြောင်းအရွှေ့ကိုတော့ အဆင့်သတ်မှတ်ချက်(၁၀)မှာ (၅)ပေးထားပါတယ်။

MATIC – from Chelsea (£40m)

လက်ရှိမှာတော့ မာတစ် Matic ဟာ ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းနေပေမယ့် မန်ယူအသင်းကို စရောက်တဲ့ရာသီမှာတော့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့သူပါ။ မာတစ် ရဲ့အပြောင်းအရွှေ့ကိုတော့ အဆင့်သတ်မှတ်ချက်(၁၀)မှာ (၅)ပဲ ပေးထားပါတယ်။

BAILLY – from Villarreal (£30m)

ဘာယီ Bailly ကတော့ မန်ယူအသင်းမှာ ခြေစွမ်းပိုင်း အနိမ့်အမြင့်အတက်အကျတွေနဲ့ ရှေ့ဆက်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ဘာယီ ဟာ ပုံစံကောင်းရဖို့ ခက်ခဲခဲ့ပေမယ့် လာမယ့်ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြန်ပြနိုင်ဖို့ မန်ယူပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ ဘာယီ ရဲ့အပြောင်းအရွှေ့ကိုတော့ အဆင့်သတ်မှတ်ချက်(၁၀)မှာ (၅.၅)ပေးထားပါတယ်။

GRANT – from Stoke City (£1.5m)

မန်ယူအသင်းရဲ့ ဂိုးသမား ဂရန့် Grant ဟာ အသင်းအတွက် အခုအချိန်ထိ (၁)ပွဲသာ ကစားပေးထားတာပါ။ ဒါပေမယ့် သူ့ရဲ့ အပြောင်းအရွှေ့ကိုတော့ ထူးထူးခြားခြား အနေနဲ့ အဆင့်သတ်မှတ်ချက်(၁၀)မှာ (၅.၅)ထိ တော်တော်များများ ပေးထားပါတယ်။

DALOT – from Porto (£19m)

ဒါလော့တ် Dalot ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက အပေါင်းလက္ခဏာဆောင်တဲ့ ခြေစွမ်းတွေကို ပြသခဲ့သလို အလားအလာကောင်းတွေရှိတဲ့ ကစားသမားအဖြစ်လည်း အများစုက လက်ခံခဲ့ကြပါတယ်။ သေချာတာကတော့ ဒါလော့တ် ရဲ့ ခြေစွမ်းက အခုထက်ပိုပြီးကောင်းလာမှာပဲဖြစ်ပပါတယ်။ ဒါလော့တ်ရဲ့ အပြောင်းအရွှေ့ကိုတော့ အဆင့်သတ်မှတ်ချက်(၁၀)မှာ (၆)အထိပေးထားပါတယ်။

မန်ယူအသင်းမှာ Ed Woodward လုပ်ဆောင်ခဲ့တဲ့ အပြောင်းအရွှေ့အကောင်းအဆိုးများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

အခုပရိသတ်တွေအတွက် မန်ယူအသင်းမှာ အက်ဒ်ဝုဒ်ဝပ် လုပ်ဆောင်ခဲ့တဲ့ အပြောင်းအရွှေ့အကောင်းအဆိုးများ အပိုင်း(၂)ကို ဖော်ပြပေးခဲ့တာပါ။ နောက်ဆုံးကျန်ရှိနေတဲ့ အပိုင်း(၃)ကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Goal.com
Photo: Goal.com
Ko Kyue(Akhayar)
www.akhayar.com