အချစ်ဆုံး သူငယ်ချင်း ( Friendship Goals )

ကျနော်တို့ ငယ်ငယ်ကတည်းက နှစ်သက်စွဲလန်းခဲ့ပြီး ခုထိလည်း နှစ်သက်နေဆဲအရာတွေထဲမှာ Tom and Jerry ကာတွန်းကားလေးတွေလဲ ပါမယ်လို့ထင်ပါတယ်။ မတည့်အတူနေ Tom and Jerry ဟာ ကျနော်တို့အားလုံးရဲ့ အသဲကြော် ဇာတ်ကောင် နှစ်ကောင်အဖြစ် အမြဲတန်း ထင်ကျန်ရစ်နေမှာပါ။ ငယ်ငယ်တုန်းကတော့ ရယ်ရလို့၊ပျော်ဖို့ကောင်းလို့  သူတို့ရဲ့ ဘယ်ဇာတ်လမ်းတွဲကိုမှ အလွတ်မပေးပဲ အခေါက်ခေါက်အခါခါ ကြည့်ဖြစ်ခဲ့တယ်။ ခုအသက်အရွယ်လေးရလာလို့ ပြန်ကြည့်ဖြစ်တဲ့အခါမှာတော့ ရယ်ရ၊ပြုံးရဆဲ ဖြစ်နေပေမယ့် ကာတွန်းကား တစ်ကားထက် ပိုတဲ့ အတွေးအမြင်လေး တစ်ခုဝင်လာခဲ့တယ်။ အဲဒါကတော့ Friendship Goals သူငယ်ချင်းကောင်းတို့ မည်သည် ဆိုတဲ့ အတွေးအမြင်လေးပါ။ သူငယ်ချင်းကောင်းဆိုတာ ဘာပါလဲ။ ဘယ်လိုလူမျိုးကို သူငယ်ချင်းကောင်းလို့သတ်မှတ်ပါသလဲ။  Tom and Jerry ကိုကြည့်ရင်း ကျနော်တို့ အပြင်ဘဝနဲ့ ယှဉ်ထိုးကြည့်ပြီး သူငယ်ချင်းကောင်း ဆိုတာ ဘာလဲဆိုတာကို ခေါင်းစဉ်ငယ်လေးတွေခွဲပြီး သုံးသပ်ပေးသွားပါရစေ။ သင်ဟာ Tom ဆိုရင် သင့်ရဲ့ Jerry ဟာ ဘယ်သူများဖြစ်မလဲ…သင့်ရဲ့အချစ်ဆုံး သူငယ်ချင်း ကရောဘယ်သူများပါလဲ…ကလေးဘဝအထိ ပြန်သွားပြီး သင့်ရဲ့အချစ်ဆုံး သူငယ်ချင်းက ဘယ်သူများလဲဆိုတာ ဆန်းစစ်လိုက်ရအောင်လား…..

မတည့်အတူနေ

ဟုတ်ပါတယ်။ တည့်သလား ဆိုတော့လည်း လုံးလုံးလျားလျား တည့်နေတာလည်းမဟုတ်ပဲနဲ့ အမြဲ တစ်တွဲတွဲပါပဲ။ ကိုယ့်ရဲ့ ငယ်ကျိုးငယ်နာ တွေကအစ ကြိုက်တတ်တာတွေ ၊ မုန်းတဲ့ဟာတွေ ၊ အကျင့်စရိုက်တွေ အထိပါသိနေသူပေါ့။ အကုန်လုံးကို သိနေရဲ့သားနဲ့ကို ကိုယ်မကြိုက်တာတွေကို ရွေးရွေးလုပ်တတ်တယ်။ ဘေးနားလာပြီး အီး အကျယ်ကြီး ပေါက်တာတို့၊ နောက်ဆုံးမှ အစားပိတ်စားဖို့ ဥထားတဲ့ ကြက်ဥကြော်ကို လုသွားတာတို့၊ လူရှေ့သူရှေ့ရောက်မှ ကိုယ့်ရဲ့ ငယ်ကျိုးငယ်နာ တွေဖော်တာတို့၊ ကိုယ့်ဆီလာတဲ့ဖုန်းကို ကောက်ကောက်ကိုင်ပြီး “Beer ဆိုင်ရောက်နေလို့ နောက်မှပြန်ဆက်ပါ”တို့၊”နောက်..တစ်ဆက်ရှင် ယူဦးမယ် ညီမလေး”တို့ ပြောပစ်တာတို့ စသည်..စသည် စုံလို့ပါပဲ။ ကိုယ်က မပြောရဲသေးပဲကြိတ် Crush နေတဲ့သူ နဲ့ လမ်းမှာ၊ကျောင်းမှာ မတော်တဆ ဆုံမိရင်လည်း သိသိသာသာ ဆေးထိုးတတ်သေး။ ပြောမယ့်သာ ပြောတာပါ။ သူလည်း ကိုယ်ဆေးထိုးသမျှ လစ်ရင်လစ်သလိုခံရတာပါပဲ။ လျှင်သူ စားစတမ်းပဲ။ အဲဒီလို အပြန်အလှန် ချောက်ချ ဆေးထိုးနေတာကိုကပဲ မတည့်အတူနေ သူငယ်ချင်းတွေ ဖြစ်လာစေခဲ့တယ် ထင်ပါတယ်။

 

ဆတ်ဆတ်ထိ မခံ

ကိုယ့်သူငယ်ချင်းကို ကိုယ်ကသာ ပြောချင်သလိုပြောဆို ပြီး ဗိုလ်ကျ နေပေမယ့် တစ်ခြား တစ်ယောက်ယောက်က လုပ်လာပြီ ဆိုရင်တော့ ဆတ်ဆတ်ထိမခံ နိုင်သူပါ။ အဲဒီအခါမျိုးကျပြန်တော့ ကိုယ့်ကိစ္စ က သူ့ကိစ္စ ဖြစ်သွားပါရော။ ကိုယ့်သူငယ်ချင်း ရဲ့ မကောင်းကြောင်းကိုပြောတာ ကြားလိုက်တာဖြစ်ဖြစ် ၊ ကိုယ့်သူငယ်ချင်း ကို တစ်ယောက်ယောက်က အနိုင်ကျင့်တာမျိုးဖြစ်ဖြစ် ရှိလာရင် သူငယ်ချင်းဘက်က မားမားမတ်မတ် ရပ်တည်ပေးသူပါ။ ရန်ဖြစ်စရာရှိ ဝင်ဖြစ်ပေး၊ ဖြေရှင်းစရာရှိ ဖြေရှင်းပေးတတ်သူများပါ။ အချိန်မရွေး ၊ နေရာမရွေး ပေါ့။ သူငယ်ချင်းကိုမထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့ ချစ်စရာစရိုက်ဟာ တကယ့်တကယ် ပြဿနာ ကြီးကြီးမားမားတွေ့ပဟေ့ဆိုရင် ပေါ်လာတတ်ပါတယ်။ ကိုယ့်အတွက် ဒီလို ဆတ်ဆတ်ထိ မခံတဲ့ သူငယ်ချင်းကို ကိုယ့်ဘက်ကလည်း သူ့လိုပဲ ဆိုတာ ပြောစရာမလိုတဲ့ သူငယ်ချင်းမျိုးတွေပေါ့။

 

ဆိုးတူကောင်းဘက်

ငယ်ငယ်ကတည်းက ဟုတ်တာတွေရော၊မဟုတ်တာတွေရော အတူတူ ဗရုတ်ကျ ခဲ့တဲ့ သူငယ်ချင်းပေါ့။ ကျောင်းနောက်ကျလို့ ထိုင်ထ လုပ်ရလည်း အတူတူ၊ စာခိုးချလည်း အတူတူ၊ ဆေးလိပ်စခိုးသောက်တတ်တုန်းက လူမိသွားလို့ ရုံးခန်းရောက်တော့လည်း အတူတူ ၊ တစ်ယောက်က ကျောင်းပျက်ရင် တစ်ယောက်က Automatic အဖေ၊အမေ အုပ်ထိန်းသူဖြစ်သွားပြီး ခွင့်စာအတုရေးပေးတာချင်းလည်း အတူတူ စသဖြင့် ဆိုးတူကောင်းဘက် ကိုယ်နဲ့အတူ ဘေးမှာ အမြဲရှိနေတဲ့ သူငယ်ချင်းမျိုး။ တစ်ယောက်ပိုက်ဆံပြတ်သွားရင် ကိုယ့်ပိုက်ဆံ ကသူ့ပိုက်ဆံ ဆိုပြီး ယူသုံးလို့ ရတဲ့ သူငယ်ချင်းမျိုး ၊ အဝတ်အစားကအစ ကြိုက်ပြီဆိုရင် အဆိုအဆဲခံပြီး ယူဝတ်လို့ရတဲ့ သူငယ်ချင်းမျိုးပေါ့။ မိဘတွေ ဘာတွေက ကိုယ့်ကို ဆူတာပြုတာမျိုးရှိရင်တောင် မဆီမဆိုင် “နင်တို့တွေ”ဆိုပြီး သူ့ကိုပါ ဆွဲဆွဲ အထည့်ခံရတဲ့ သူငယ်ချင်းမျိုး ဆိုရင်လည်း ဟုတ်တယ်။ ဆိုးတူကောင်းဘက် ဆိုတာမှာတောင် အတူတူ ဆိုးဖြစ်တာပိုများတဲ့ သူငယ်ချင်းဆိုလည်း မမှားပါဘူး။

 

သားကြီးရာ…ယောင်းမရာ

ကိုယ့်အပေါ်ကို ပြောချင်သလိုပြော၊ ဆိုးချင်သလို ဆိုး၊ ချောက်တွေချ၊ ဗရုတ်တွေ အရမ်းကျတတ်လွန်းလို့ စိတ်ဆိုးရ၊ စိတ်ကောက်ရပေါင်းလည်း မနည်းလှပါဘူး။ အဲဒီလို စိတ်ဆိုးတာကို ရက်အကြာမခံပဲ ပြန်စချော့တတ်တာလည်း သူတို့ပါပဲ။ ကိုယ်ကစိတ်ဆိုးနေပြီဆို ကိုယ် မပြုံးပြုံးလာ မခြင်း၊ စိတ်ဆိုးမပြေမခြင်း ပြောင်စပ်စပ် မျက်နှာပေးတွေ နဲ့ အာလုပ်သံကြီးတွေ သုံးပြီး ချော့တတ်ကြတာ ကြုံဖူးကြမှာပါ။ အဲဒီအခါမျိုးဆို သားကြီးရာ ဘာညာ ( မိန်းကလေးတွေ ဆိုရင် ..ယောင်းမရေ..ညီးကလဲအေ့..ငါကချစ်လို့ စတာကိုအေ့..စိတ်ဆိုးနေတုန်းလားအေ့..ကောင်မစုတ်ကြီးကလဲအေ့ ) ဆိုပြီး ချော့တော့လည်း ပြေရတော့တာပါပဲ။ ရှင်းရှင်းပြောရရင် ကိုယ်ကလည်း စိတ်ကြာကြာမဆိုးနိုင်တဲ့ သူငယ်ချင်းမျိုးပေါ့။ စိတ်ဆိုးစရာရှိတာ ဆိုးလို့ရတဲ့၊ဆိုးခွင့်ရှိတဲ့ သူငယ်ချင်းမျိုးက ပိုကောင်းတယ်လို့ ထင်ပါတယ်။ တစ်ချို့ စိတ်ဆိုးတာကို ထုတ်မပြောပဲ..မြုံထားတတ်တဲ့ သူငယ်ချင်းတွေရှိတတ်လို့ပါ။ အဲလို မြုံထားတတ်တဲ့သူမျိုးကျတော့ ကြာလာရင် အကြီးကြီး ပေါက်ကွဲတတ်ပြီး တစ်သက်စာ ပြတ်တောက်သွားနိုင်တတ်ပါတယ်။

 

အချစ်ဆုံး သူငယ်ချင်း ( Friendship Goals )

လူတိုင်းမှာ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး ရှိကြပါတယ်။ သူငယ်ချင်း ဆိုတာ မိသားစုဝင်တွေပြီးရင် ဘဝမှာ ကိုယ်နဲ့ အရင်းနှီးဆုံးသူတွေဆိုလည်း မမှားပါဘူး။ ကိုယ့်မိသားစုဝင်တွေကိုတောင် တိုင်ပင်လို့ မရတဲ့ အချို့ကို ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကိုပဲ တိုင်ပင်ရတာပါ။ ဘဝ ရဲ့ အဆိုးအကောင်း၊အကျိုးအကြောင်းတွေကို ဖြတ်သန်းကြတဲ့အခါ သူငယ်ချင်းတွေရဲ့ အခန်းကဏ္ဋ ကလည်း အရေးကြီးပါတယ်။ Tom and Jerry ကာတွန်းလေးကြည့်ပြီး သူငယ်ချင်းတွေကို သတိရသွားတယ်ဗျာ။ကျနော်ကိုယ်တိုင်ကိုက သူငယ်ချင်း အရမ်းမင်တဲ့ကောင်မျိုးမို့ လဲဖြစ်ပါလိမ့်မယ်။

အကယ်၍ သင်ဟာ Tom ဆိုရင် သင့်ရဲ့ Jerry ဟာ ဘယ်သူများဖြစ်မလဲ…သင့်ရဲ့အချစ်ဆုံး သူငယ်ချင်း ကရောဘယ်သူများပါလဲ…ကျနော့ ဆောင်းပါးလေးဖတ်ပြီး သင့်ရဲ့ ဘယ်အချစ်ဆုံးသူငယ်ချင်းကို သွားသတိရမိစေပါသလဲ။ အားလုံးလည်း ပျော်ရအောင် သင့်ရဲ့ အချစ်ဆုံး သူငယ်ချင်း ကို ဒီ post လေးအောက်မှာ Mention ခေါ်ပြီး Tom and Jerry တို့လိုအတူတူ ဘယ်လိုတွေတောင် ဆိုးဖူးခဲ့၊ပျော်ရွှင်ဖူးခဲ့၊တိုင်ပတ်ဖူးခဲ့၊ဗရုတ်ကျဖူးခဲ့တာလေးတွေ ပြောပြပေးသွားပါလား။                                                                                               သကောင့်သား ( အခရာ )

www.akhayar.com

 

*Photo Source & credits – google