ချယ်လ်ဆီးနည်းပြသစ် လမ်းပတ် Frank Lampard ဟာ သူ့ရဲ့ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ မန်ယူကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်စရာ မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာ မန်ယူကို အကောင်းဆုံးရင်ဆိုင်ခဲ့ပြီး ချေပဂိုးရဖို့ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် လွဲချော်ခဲ့သလို ဒုတိယပိုင်းမှာ (၂၅)မိနစ်အတွင်း (၃)ဂိုးထပ်ပေးခဲ့ရလို့ (၄)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီရလဒ်က ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နည်းပြသစ်တစ်ဦးအတွက် အကြီးမားဆုံး ရှုံးပွဲဖြစ်ခဲ့ပြီး ၁၉၇၈ ဒီဇင်ဘာလတုန်းက နည်းပြသစ် Danny Blanchflower ဟာ သူ့ရဲ့ ပထမဆုံးပွဲဦးထွက်မှာ မစ်ဒယ်ဘရော့ကို (၇-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဂိုးအပြတ်ဆုံး ရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လမ်းပတ်ရဲ့ ကစားသမားဘ၀မှာလည်း အကြီးမားဆုံး ဂိုးပြတ်ရှုံးနိမ့်ခဲ့တာက မန်ယူနဲ့ပွဲမှာဖြစ်ပြီး ၀က်စ်ဟမ်းကစားသမားဘ၀ ၂၀၀၀ ဧပြီလတုန်းက မန်ယူနဲ့ကစားခဲ့တဲ့ပွဲမှာ (၇-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ နွေရာသီမှာ (၃)နှစ်စာချုပ်နဲ့ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာသူ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့ပိတ်ပင်ခံထားရတာကြောင့် ကစားသမားသစ်ခေါ်ယူခွင့် မရခဲ့ဘဲ လက်ရှိလူစာရင်းနဲ့ မန်ယူကို အကောင်းဆုံး ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ လမ်းပတ်က “ဒီပွဲက (၄-၀)ဆိုတဲ့ရလဒ် ထွက်စရာ အကြောင်းကို မရှိတာပါ။ အမှား(၄)ကြိမ်ကနေ ဂိုးတွေပေးလိုက်ရပေမယ့် ပထမပိုင်း ပွဲချိန်အများစုက ကျွန်တော်တို့ အသာစီးရခဲ့တာဖြစ်ပါတယ်။ တိုင်ထိထွက်တာ၊ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့တာကြောင့်သာ ဂိုးမရခဲ့တာဖြစ်ပြီး မဟုတ်ရင် ပထမပိုင်းအပြီးမှာ ကျွန်တော်တို့အသင်းကတောင် ဦးဆောင်နေမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ မန်ယူနဲ့ပွဲအပြီး လမ်းပတ် မှတ်တမ်းဆိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာ မန်ယူအသင်းကတော့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ (၅၄)နှစ်အတွင်း ချယ်လ်ဆီးအသင်းကို အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲ ရယူခဲ့တာဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲတစ်လျှောက် ရာသီအဖွင့်ပွဲ (၅)ကြိမ်မြောက် ဆုံတွေ့မှုမှာ (၃)ကြိမ်အထိ အနိုင်ရရှိခဲ့ပါတယ်။

REF:Metro
Photo:Fox Sports,The Sun,Manchester United Facebook
Naing Linn(Akhayar)
www.akhayar.com