ရိုးမားအသင်း (Roma) မှာ ဂန္တဝင်ကစားသမားဖြစ်လာမယ့် ဖရန်စစ္စကို တော့တီ (Francesco Totti) ကို ၁၉၇၆ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ရောမမြို့မှာ မွေးဖွားခဲ့တဲ့ တော့တီဟာ ငယ်စဉ်ကတည်းက ရိုးမားအသင်းခေါင်းဆောင်ဖြစ်တဲ့ Giuseppe Giannini ကို အားကျခဲ့တာဖြစ်ပါတယ်။ တော့တီဟာ ၈နှစ်သားကတည်းက Fortitudo Luditor အသင်းမှာ အပျော်တမ်းကစားခဲ့ပြီး Smit Trastevere အသင်းကနေ Lodigiani Calcio အသင်းဆီကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အေစီမီလန်အသင်း (A.C Milan) ကင်းထောက်တွေက တော့တီရဲ့ခြေစွမ်းကို သဘောကျပြီး ကမ်းလှမ်းခဲ့ပေမယ့် မိခင်ဖြစ်သူ Fiorella Totti ကတော့ “ရောမသားဖြစ်တဲ့ ငါ့သားတော့တီဟာ ရိုးမားအသင်းမှာပဲ ကစားရမယ်” ဆိုတဲ့ သံမဏိဆုံးဖြတ်ချက်နဲ့ ငြင်းပယ်ခဲ့ပါတယ်။

ဆယ်ကျော်သက်ဘဝမှာ တော့တီရဲ့ကစားဟန်

ဆယ်ကျော်သက်ဘဝမှာ တော့တီရဲ့ကစားဟန်

Lodigiani Calcio အသင်းဟာ တော့တီကို လာဇီယိုလူငယ်အသင်း (Lazio Youth Club) မှာ ရောင်းချဖို့ သဘောတူထားပေမယ့် ရိုးမားလူငယ်အသင်းနည်းပြ Gildo Giannini ဟာ တော့တီရဲ့မိဘနှစ်ပါးနဲ့ သဘောတူညီပြီး ၁၉၈၉ခုနှစ်မှာ ရိုးမားလူငယ်အသင်းမှာ ပြောင်းရွှေ့ခဲ့ပါတယ်။ ရိုးမားအသင်းကို ရောက်တုန်းက တော့တီရဲ့အသက်ဟာ ၁၃နှစ်ပဲ ရှိပါသေးတယ်။ ရိုးမားလူငယ်အသင်းမှာ တော့တီ အကောင်းဆုံးခြေစွမ်းပြခဲ့တယ်။

ကြိုးစားသူတွေအတွက် အခွင့်အရေးဆိုတာ ပေါ်လာစမြဲဆိုတဲ့ စကားအတိုင်း တော့တီဟာ ၁၉၉၃ခုနှစ် မတ်လ၂၈ရက်နေ့ Brescia Calcio အသင်းနဲ့ရင်ဆိုင်တဲ့ပွဲမှာ ရိုးမားအသင်းကြီးမှာ ပွဲထွက်ခွင့်ရရှိခဲ့တဲ့အချိန်မှာ ၁၆နှစ်၆လ၁ရက်သား ဖြစ်နေပါပြီ။ Foggia Calcio အသင်းနဲ့ရင်ဆိုင်တဲ့ပွဲမှာ ရိုးမားအသင်းအတွက် ပထမပွဲဦးထွက်ဂိုးကို သွင်းနိုင်ခဲ့ပါတယ်။ နောက်ချန်တိုက်စစ်၊ တောင်ပံနဲ့ တိုက်စစ်စတဲ့ နေရာစုံကစားနိုင်တဲ့ တော့တီဟာ ၁၉၉၈ခုနှစ် ၂၂အရွယ်မှာ ရိုးမားအသင်းခေါင်းဆောင်အနေနဲ့ စီးရီးအေရဲ့အသက်အငယ်ဆုံးအသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ၁၉၉၂ခုနှစ် စီးရီးအေဘောလုံးရာသီကနေ ၂ဝ၁၇ခုနှစ်အထိ ရိုးမားအသင်းနဲ့ ၂၅ရာသီမှာ ၇၈၆ပွဲကစားခဲ့ပြီး ၃ဝ၇ဂိုး သွင်းယူခဲ့ပါတယ်။ စီးရီးအေပြိုင်ပွဲမှာ ၆၁၉ပွဲကစားခဲ့ပြီး ဂိုးပေါင်း ၂၅ဝသွင်းယူခဲ့ပါတယ်။ စီးရီးအေပွဲပေါင်း ၆၄၇ကစားထားတဲ့ အေစီမီလန်နောက်ခံလူ ပေါ်လို မာဒီနီ (Paolo Maldini) ပြီးရင် ၆၁၉ပွဲကစားထားတဲ့ ဂျူဗင်တပ်ဂိုးသမားကြီး ဘူဖွန်နဲ့ပူးတွဲရပ်တည်နေပါတယ်။

စီးရီးအေမှာ ပွဲအများဆုံး ကစားထားသူများ

စီးရီးအေမှာ ပွဲအများဆုံး ကစားထားသူများ

စီးရီးအေသမိုင်းတစ်လျှောက်မှာ ၂၇၄ဂိုးသွင်းထားတဲ့ ဆယ်ဗီရို ပီအိုလာ (Silvio Piola) ပြီးရင် ဂိုးသွင်းအများဆုံးကစားသမားဖြစ်သလို ကလပ်တစ်ခုတည်းမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

စီးရီးအေမှာ ဂိုးအများဆုံးသွင်းထားသူများ

စီးရီးအေမှာ ဂိုးအများဆုံးသွင်းထားသူများ

ရိုးမားအသင်းနဲ့အတူ စီးရီးအေဖလားတစ်ကြိမ် (၂ဝဝဝ) ၊ ကိုပါအီတလီယာဖလားနှစ်ကြိမ် (၂ဝဝ၆ ၊ ၂ဝဝ၇) နဲ့ အီတလီစူပါဖလားနှစ်ကြိမ် (၂ဝဝ၁ ၊ ၂ဝဝ၇) ရရှိခဲ့ပါတယ်။ အီတလီလက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာပွဲပေါင်း ၅၈ပွဲကစားခဲ့ပြီး ၉ဂိုးသွင်းယူခဲ့ပါတယ်။ ၂ဝဝ၆ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့အချိန်မှာ တော့တီဟာ အဓိကစွမ်းဆောင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ ၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့ CSKA Moscow နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ ဂိုးသွင်းခဲ့တဲ့အချိန်မှာ ၃၈နှစ်၅၈ရက်ရှိခဲ့လို့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ အသက်အကြီးဆုံးဂိုးသွင်းသူ (Oldest Goalscorer in Champions League History) ဖြစ်လာခဲ့ပါတယ်။

တော့တီကို နှုတ်ဆက်နေတဲ့ ရိုးမားပရိသတ်များ

တော့တီကို နှုတ်ဆက်နေတဲ့ ရိုးမားပရိသတ်များ

၂ဝ၁၇ခုနှစ် မေ၈၂၇ရက်နေ့ ကစားခဲ့တဲ့ ရိုးမား- ဂျီနိုအာပွဲစဉ်မှာ အသင်းခေါင်းဆောင် တော့တီအတွက် နောက်ဆုံးပွဲဖြစ်ခဲ့ပါတယ်။ Olympic Stadium ကွင်းကြီးမှာ ပရိသတ်၇သောင်းကျော် နှုတ်ဆက်အားပေးခဲ့ပါတယ်။ ပွဲအပြီးမှာ တော့တီပြောသွားတာက

ကျွန်တော် နှုတ်မဆက်ချင်တဲ့ အချိန်ကာလကို ရောက်လာပြီဗျာ။

၂၈နှစ်တာ ကာလအတွင်းမှာ တွေ့ကြုံခဲ့ရတာတွေကို

ဝါကျတစ်ကြောင်းတည်းနဲ့ စာစီကုံးရင် ပြည့်စုံမယ်မထင်ပါဘူး။

ဘာပဲဖြစ်ဖြစ် ရိုးမားမှာ နေခဲ့ရတာတွေကို အမြဲသတိရနေမှာပါ။

ကလေးတစ်ယောက်အနေနဲ့ တံခါးခေါက်ဝင်လာပြီး

လူကြီးတစ်ယောက်အနေနဲ့ ထွက်ခွာရတော့မှာပါ။ အရမ်းချစ်တယ် ရိုးမားရေ . .

ရိုးမားအသင်းရဲ့ဂန္တဝင်ကစားသမား တော့တာအနားယူသွားတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုကြတာတွေက

ဒီယေဂို မာရာဒိုနာ (Diego Maradona)

တော့တီက ရိုးမားအသင်းရဲ့ဘုရင်တစ်ပါးပါပဲ။

ကျွန်တော်အကြိုက်ဆုံး ကစားသမားတစ်ယောက်ပါ။

လေးစားပါတယ် တော့တီ။

ဂျူဗင်တပ်ဂိုးသမား ဘူဖွန် (Buffon)

သူနဲ့ရင်ဆိုင်တွေ့တိုင်း ကျွန်တော့်ဂိုးပေါက်ကို

သွင်းခဲ့တဲ့ ဂိုးတွေက အံ့မခန်းပါပဲ။ ကျွန်တော့်ကို သွေးပျက်စေတယ်။

ကျွန်တော်လည်း ဘယ်လိုမှ မတက်နိုင်ခဲ့ပါဘူး။

ပြင်သစ်ဂန္တဝင်ကစားသမား မီခေးလ် ပလာတီနီ (Michel Platini)

တော့တီဟာ ဘောလုံးကို အနုပညာမြောက်အောင် ကစားနိုင်သူပါ။

နံပါတ် ၁ဝနဲ့ လိုက်ဖက်ခဲ့သူလေးပါ။

ကျွန်တော် စွမ်းဆောင်ခဲ့သလိုပေါ့။

ကဲ . . . ဒါတွေကတော့ နာမည်ကျော်တွေက တော့တီကို မှတ်ချက်ပေးတဲ့ စကားလုံးတွေပါပဲ။ တော့တီဟာ ခရစ္စတီယာနို ရိုနယ်ဒိုလို ရွှေဖိနပ်ဆုတွေ အများကြီးမရခဲ့ပါဘူး။ လီယွန်နယ် မက်ဆီလိုလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုတွေ မရခဲ့ပါဘူး။ သူ့မှာ ကြွားစရာဆိုလို့ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ သူ့ကိုချစ်တဲ့ပရိသတ်တွေသာ ရှိပါတယ်။ စီးရီးအေ သမိုင်းကြောင်းမှာ အသက်ငယ်ဆုံးအသင်းခေါင်းဆောင်ဖြစ်တဲ့ ဖရန်စစ္စကို တော့တီ အနားယူသွားတာနဲ့ ပတ်သက်ပြီး နှုတ်ဆက်စကားတစ်ခွန်းလောက် ပြောသွားကြပါလား။ (တော့တီရဲ့ အကောင်းဆုံးဂိုးသွင်းဟန်၊ ဖြတ်ကျော်ဟန်တွေကို ဗီဒီယိုဖိုင်မှာ ကြည့်နိုင်ပါတယ်။)

ကျော်စိုးအောင် (အခရာ)

www.akhayar.com