ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေ Mbappe ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်၊ ခြေစွမ်းကိုတော့ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေ မြင်တွေ့ခဲ့ပြီးဖြစ်မှာပါ။ အသက်(၂ဝ)နှစ်အရွယ်သာရှိသေးပေမယ့် မကြာခင် ကမ္ဘာ့အဆင့် ကစားသမားဖြစ်ဖို့ ခြေလှမ်းပြင်နေတဲ့ ဘာပေဟာ (၁)နှစ်ကို လစာငွေ ယူရို(၁၇.၅)သန်းအထိရရှိနေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ၀င်ငွေကောင်းနေသူလည်းဖြစ်ပါတယ်။ ဒီလောက်အထိ ငွေတွေရနေပေမယ့် ဘာပေက အောက်ခြေလွတ် ဘ၀မေ့တတ်တဲ့သူမဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသူ ဘာပေဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ သူရရှိတဲ့ ဆုကြေးငွေတွေကို နာမကျန်းဖြစ်နေတဲ့ကလေးတွေ၊ မသန်စွမ်းကလေးငယ်တွေကို စောင့်ရှောက်ရေးအဖွဲ့ Premiers de Cordée ဆီ အကုန်လှူဒါန်းခဲ့ပါတယ်။

Mbappe

Mbappe

ဘာပေဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူပါဝင်ကစားခွင့်ရတိုင်း ဆုကြေးအဖြစ် တစ်ပွဲကို အမေရိကန်ဒေါ်လာ (၂၂၅,၀၀)ရခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့အတွက်လည်း ဆုကြေး အမေရိကန်ဒေါ်လာ(၃၅၁,၀၀၀)ရရှိခဲ့တယ်။ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားမှာ (၇)ပွဲအထိကစားခဲ့ရတာကြောင့် ဘာပေအတွက် ပွဲထွက်ခွင့်ရော၊ ချန်ပီယံဆုကြေးတွေအပါအ၀င် အမေရိကန်ဒေါ်လာ(၅)သိန်းကျော်ရရှိခဲ့ပြီး အဲဒီငွေတွေကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ လှူဒါန်းခဲ့တဲ့ ဘာပေရဲ့လုပ်ရပ်နဲ့ စိတ်ဓာတ်ကတော့ ချီးကျူးလေးစားစရာပါပဲ။

Mbappé-and-Premiers-de-Cordee-kids-1

Mbappé-and-Premiers-de-Cordee-kids-1

Premiers de Cordee အဖွဲ့ရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Sebastien Ruffin က “ဘာပေဟာ စိတ်ထားကောင်းတဲ့ လူငယ်လေးတစ်ဦးပါ။ သူက အချိန်ရတာနဲ့ ကျွန်တော်တို့ဆီ လာရောက်လည်ပတ်လေ့ရှိပြီး ဒီက ကလေးငယ်တွေနဲ့လည်း ရင်းရင်းနှီးနှီးရှိပါတယ်။ ဘာပေက ဝေဒနာခံစားနေရတဲ့ ကလေးငယ်လေးတွေ စိတ်ဓာတ်တက်ကြွလာအောင် အားပေးစကားတွေလည်း ပြောလေ့ရှိပါတယ်။ ဘာပေဟာ ကလေးငယ်တွေနဲ့ကစားနေရရင် ကလေးတွေပျော်နေတာထက် သူက ပိုပျော်နေတတ်တယ်လို့ ကျွန်တော် ထင်မိတယ်”လို့ ပြောကြားခဲ့တယ်။

Mbappé-and-Premiers-de-Cordee-kids-2

Mbappé-and-Premiers-de-Cordee-kids-2

တကယ်တော့ လူ့ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ်။ လူတစ်ယောက်အတွက် အောင်မြင်မှု၊ ကျရှုံးမှုဆိုတာကလည်း မျဉ်းလေးတစ်ကြောင်းသာ ခြားနားတာပါ။ အောင်မြင်နေတဲ့အချိန် လက်ဖျားငွေသီးနေတဲ့အချိန် အောင်မြင်မှုကို ယစ်မှုးပြီး ဘ၀ကို ရေစုန်မြောခဲ့တဲ့ နာမည်ကျော်ဘောလုံးသမားတွေရှိခဲ့သလို ဘာပေလိုမျိုး ကိုယ့်ဘ၀ကို မမေ့၊ အောက်ခြေမလွတ်ဘဲ ပရဟိတလုပ်ငန်းတွေအတွက် ကိုယ့်ရဲ့ငွေကြေးတွေကို လှူဒါန်းတဲ့ နာမည်ကျော်ဘောလုံးသမားတွေလည်းရှိနေဆဲပါ။ ဘာပေအနေနဲ့ သူ့ရဲ့သဒ္ဒါစိတ်လေးကို ဆက်ပြီးရှင်သန်အောင် မွေးမြူနိုင်မယ်၊ ကွင်းတွင်းခြေစွမ်းကိုလည်း ကောင်းမွန်အောင် ဆက်လက်ထိန်းထားမယ်ဆိုရင် ဒီထက်ပိုမြင့်မားတဲ့နေရာတစ်ခုက သူ့အတွက် အဆင်သင့်ရှိနေမှာပဲဖြစ်ပါတယ် . . . .

REF:.businessinsider.com
Photo:dailymail,Le Parisien,radiofrance.fr,purepeople
Naing Linn(Akhayar)
www.akhayar.com