အချစ်သစ်နဲ့တွဲနေပေမယ့် အချစ်ဟောင်းပေါ်မမေ့သေးမှန်းသိသာတဲ့အချက်၎ချက်

ချစ်သူရည်းစားထားတယ်၊ ချစ်ကြတယ်၊ အဲ့နောက် အဆင်မပြေလာတဲ့အခါ ကွဲကြ၊ပြဲကြ၊ စိတ်ဒဏ်ရာတွေရကြရင်း အချိန်တန်တော့ အသစ်တွေ့ကြ၊ ထပ်ချစ်ကြတာ ချစ်တတ်သူတိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ။

ဒါပေမယ့် ကိုယ်က အရင် အချစ်ရေးကိစ္စတွေအပေါ် လုံးဝ ယတိပြတ်စိတ်ဖြတ်နိုင်ပြီး အချစ်သစ်အပေါ် အရာရာညွှတ်မူးနိုင်ပြီထင်ပေမယ့် တချို့တချို့အချက်လေးတွေက အချစ်ဟောင်းဆီမှာ သံယောဇဉ်တဝဲလည်လည်ရှိနေတုန်းပဲဆိုတာ ပြနေတယ်ဆိုတာ သိပြီးပြီလား?

ဘယ်လောက်ပဲ ကိုယ့်စိတ်ကို လိမ်ညာပြီး “ငါ သူ့ကိုမေ့နိုင်ပါပြီ။ ငါ အချစ်သစ်နဲ့ ဘဝသစ်မှာ ပျော်နေပါပြီ” လို့ စိတ်ကိုလှည့်စားနေပေမယ့် ဒီ ၄ ချက်ကြည့်ရုံနဲ့ သူ့ကိုမမေ့နိုင်သေးတာ သိသာနေတယ်တဲ့နော်။ ဘယ်အချက်တွေများလဲ စိတ်ဝင်စားစရာပါပဲ။

(၁) ခုလက်ရှိတွဲနေတဲ့သူနဲ့ ရည်းစားဟောင်းကို အမြဲ မသိစိတ်က နှိုင်းယှဉ်နေတတ်တယ်။

ကိုယ့်လက်ရှိချစ်သူက ကိုယ်မကြိုက်တဲ့၊ ဒါမှမဟုတ် ကိုယ့်စိတ်အခြေအနေနဲ့ အဆင်မပြေတဲ့အရာတစ်ခုခုကို လုပ်လိုက်မယ်ဆိုပါတော့။ ဒီနေရာမှာ ရည်းစားဟောင်းသာဆို ဒီလိုလုပ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးတွေပါ။ မသိစိတ်က နှိုင်းယှဉ်မိနေတာမျိုးပေါ့။ အမှန်တော့ အဲ့လိုစိတ်မျိုးဟာ ကိုယ်လက်ရှိတွဲနေတဲ့ချစ်သူရဲ့ ဖြစ်တည်မှုနဲ့ သူ့ရဲ့အရည်အသွေးကို တန်ဖိုးထားတာမဟုတ်ဘဲ အရင်ရည်းစားဟောင်းနဲ့ချွတ်စွတ်တူတဲ့ရည်းစားမျိုးကို စိတ်ထဲကဖန်တီးနေမိတဲ့အချက်ပါပဲ။

(၂) ဒီ အချစ်ရေးမှာလည်း အမှားဟောင်းတွေ လုပ်မိနေဆဲပဲ။

အရင် ရည်းစားဟောင်းနဲ့ပြတ်ဆဲခဲ့ရတာ ဘယ်လိုဘာကြောင့်ပဲဖြစ်ဖြစ် သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုတဲ့ ပျက်ကွက်မှုတွေ၊ နားလည်မှုတွေ၊ ဂရုစိုက်မှုနဲ့ အခြေအနေအရပ်ရပ်ကြောင့်လည်းပါပါတယ်။ ဘယ်သူမှတော့မှန်မနေပေမယ့် ဒီအချစ်သစ်နဲ့ ဆက်ဆံရေးမှာပါ အရင်အတိတ်က အမှားဟောင်းတွေ၊ အထင်မြင်လွဲတာတွေ ထပ်ခါထပ်ခါဆက်လုပ်နေမိရင်တော့ဒါဟာ သံယောဇဉ်ဟောင်းတွေပေါ် မကျော်လွန်နိုင်သေးလို့ပါတဲ့။

(၃) ရည်းစားဟောင်းအကြောင်းပြောမိနေတုန်းပဲ။

တမင်စိတ်တိုလို့ပဲဖြစ်ဖြစ်၊ မရည်ရွယ်ပဲဖြစ်ဖြစ် သူနဲ့ရန်ဖြစ်တဲ့အချိန်တိုင်း “ရည်းစားဟောင်းတုန်းကဆို..” ဆိုတဲ့စကားနဲ့ အစချီပြီး ဆွနေတာမျိုးဟာ ခုလက်ရှိကိုယ့်လူရဲ့ အချစ်ကိုပါ အထင်သေးတာမျိုးပါ။ အဲ့လိုတွေ ပြောဆိုနေမိတာတွေဟာ တနည်းဆိုရရင် အရင်လူပေါ်စိတ်ရှိနေတုန်းပဲဆိုတာ သိသာနေတယ်နော်။

(၄) တစ်ယောက်တည်းရှိနေချိန် ရည်းစားဟောင်းကို Feel မိနေတုန်းပဲ။

ဒါကတော့ မိန်းကလေးတော်တော်များများ ကြုံတွေ့နိုင်မယ့်အဖြစ်ပါ။ ရည်းစားသစ်လေးနဲ့ လျှောက်သွား၊ လျှောက်စား လည်ပတ်နေတုန်းမှာပဲ အိမ်ပြန်ရောက်ချိန်ရည်းစားဟောင်းနဲ့တုန်းက အမှတ်တရဟောင်းတွေကို တစ်ယောက်တည်းပြန်တွေးပြီး Drama တွေထဲမှာ နစ်မြောနေမိတာမျိုးပေါ့။ ဒီလိုမျိုးအခြေအနေတွေပြနေရင်တော့ အချစ်ဟောင်းထံ စိတ်တွေ တဝဲလည်လည်ဖြစ်နေသေးတုန်းပါပဲတဲ့။

အကောင်းဆုံးကတော့ မကောင်းခဲ့တဲ့အရာတွေ၊ မကောင်းခဲ့တဲ့လူတွေဆီမှာပဲ သံယောဇဉ်ဟောင်းတွေကို မြုပ်နှံမထားဘဲ ကိုယ့်လက်ရှိလူရဲ့ဖြစ်တည်မှုကို ပိုတန်ဖိုးထားပေးပါ။ ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာတွေဆီပဲ စိတ်ရောကိုယ်ပါ လှမ်းလျှောက်သွားပါ။ Drama တွေထဲ နစ်မျောနေပြီး ပြန်မပြေနိုင်တော့မယ့် ဆက်ဆံရေးတွေကို မတောင့်တနေတာက ခုလက်ရှိအချစ်ရေးအတွက်ရော၊ ကိုယ့်ဘဝအတွက်ပါ အကောင်းဆုံးဖြစ်လာမှာပါ။

EiEiKhineMinn (Akhayar)