လက်ရှိအချိန်မှာ ဖရီးကစ်သွင်းဂိုးအများဆုံး ကစားသမားက ဘယ်သူလဲဆိုရင် ပရိသတ်တွေက မက်ဆီ Lionel Messi နဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo လို့ပဲ အလျင်အမြန်ဖြေကြပါလိမ့်မယ်။ သူတို့နှစ်ဦးကလည်း အလန်းစား ဖရီးကစ်သွင်းဂိုးတွေကို ပရိသတ်တွေက အမြဲတမ်းမြင်တွေ့နေကြဖြစ်တာကြောင့် ဒီလိုဖြေမှာက သိပ်တော့မထူးဆန်းပါဘူး။ ဒါပေမဲ့ ဘောလုံးသမိုင်းတစ်လျှောက် ဖရီးကစ်သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ ဒီနှစ်ယောက်က ထိပ်ဆုံး(၁၀)ဦးစာရင်းမှာတောင် မပါဝင်ခဲ့တာက အံ့အားသင့်စရာပါပဲ။ Give Me Sport အားကစားဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့တဲ့ ဖရီးကစ်သွင်းဂိုးအများဆုံးစာရင်းမှာ နာမည်ကျော် ဂိုးသမားဟောင်းတစ်ဦးဟာ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ထက် သွင်းဂိုးပိုများနေတာက ဒီနှစ်ယောက် ပရိသတ်တွေအတွက် မခံချိမခံသာဖြစ်စရာပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အက်စ်ပန်ညိုနဲ့ကစားခဲ့တဲ့ပွဲမှာ ပါနန်ကာ Panenka ကန်ချက်နဲ့ လှပတဲ့ ဖရီးကစ်ဂိုးသွင်းယူခဲ့သလို နောက်ဆုံး(၃)ပွဲဆက် ဖရီးကစ်ကနေ ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ အခုအချိန်အထိ ဖရီးကစ်သွင်းဂိုး (၄၇)ဂိုးသွင်းထားပြီးပါပြီ။ သူ့ရဲ့ အဓိကပြိုင်ဘက် စီရော်နယ်လ်ဒို Cristiano Ronaldo ကတော့ ဖရီးကစ်သွင်းဂိုး (၅၃)ဂိုးအထိ သွင်းယူထားတာကြောင့် ဒီအရေအတွက်ကို မီဖို့ မက်ဆီ ကြိုးစားရဦးမှာပါ။ ဒါပေမဲ့ ဘောလုံးသမိုင်းတစ်လျှောက် ဖရီးကစ်သွင်းဂိုးအများဆုံးဖြစ်ဖို့ဆိုရင်တော့ မက်ဆီရော၊ စီရော်နယ်လ်ဒိုရော ဒီထက်ပိုပြီး ဖရီးကစ်ကနေ ဂိုးတွေသွင်းယူဖို့ လိုအပ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးသမိုင်းတစ်လျှောက် ဖရီးကစ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် လိုင်ယွန်နာမည်ကျော် ကစားသမားဟောင်း ဂျူနင်ဟို Juninho Pernambucano က (၇၇)ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။ ၂၀၁၃ ခုနှစ်တုန်းက ဘောလုံးသမားဘ၀ကနေ အနားယူခဲ့တဲ့ ဂျူနင်ဟိုဟာ ကစားသမားဘ၀တုန်းက ဖရီးကစ်စပါယ်ရှယ်လစ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး အံ့သြမင်သက်လောက်စရာ ဂိုးတွေကို သွင်းယူခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာတော့ ဘရာဇီးလ်ဂန္ထ၀င်တိုက်စစ်မှူး ပီလီ Pele က သွင်းဂိုး (၇၀)နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး နောက်ထပ် ဘရာဇီးလ်ဂန္ထ၀င်တစ်ဦးဖြစ်တဲ့ ရော်နယ်လ်ဒင်ဟို Ronaldinho ကတော့ အာဂျင်တီးနား ကစားသမားဟောင်း Victor Legrottaglie နဲ့အတူ ပူးတွဲ တတိယဖြစ်နေပါတယ်။

မန်ယူပရိသတ်တွေရဲ့ အချစ်တော် ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ် David Beckham က (၆၅)ဂိုးနဲ့ အဆင့်(၅)နေရာရခဲ့တာကြောင့် သူဟာ စီရော်နယ်လ်ဒို၊ မက်ဆီတို့လောက် ဆုဖလား၊ တစ်ဦးချင်းအောင်မြင်မှု မရပေမယ့် ဖရီးကစ်စွမ်းဆောင်မှာတော့ ဒီနှစ်ယောက်ထက် သာနေတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းထားနိုင်ဆဲပါပဲ။ ထူးထူးခြားခြားအနေနဲ့ကတော့ ထိပ်ဆုံး(၁၀)ဦးစာရင်းထဲမှာ ဆော်ပေါ်လို ဂန္ထ၀င်ဂိုးသမားကြီး ဆယ်နီ Rogerio Ceni ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆယ်နီဟာ ဘောလုံးသမားဘ၀မှာ တိုက်စစ်မှူးလား ထင်မှတ်ရလေက်အောင် (၁၃၁)ဂိုးအထိ သွင်းယူခဲ့ပြီး ဂိုးသမားထဲမှာ သွင်းဂိုးအများဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်ထားသူဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် ဖရီးကစ်ဂိုးအများဆုံး ကစားသမားထဲမှာ ထိပ်ဆုံး(၁၀)ဦးက ဘောလုံးလောကကနေ အနားယူသွားကြပြီဖြစ်လို့ မက်ဆီနဲ့ စီရော်နယ်လ်ဒိုအနေနဲ့ ဒီကစားသမားတွေရဲ့ သွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ဖို့ အခွင့်အရေးရှိနေဆဲလို့ ပြောရမှာပါ . .

ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်း

1. Juninho – 77

2. Pele – 70

3=. Legrottaglie – 66

3=. Ronaldinho – 66

5. Beckham – 65

6=. Maradona – 62

6=. Zico – 62

8. Ronald Koeman – 60

9=. Ceni – 59

9=.  Carioca – 59

REF:Dailyl Mail,Give Me Sport
Photo:Twitter,Youtube
Naing Linn(Akhayar)
www.akhayar.com