ကစားသမားတစ်ဦး ဂိုးသွင်းပြီးရင် အောင်ပွဲခံပုံက Style အမျိုးမျိုးပါ။ အရင်တုန်းက နာနီ Nani ဆိုရင် နောက်ကျွမ်းထိုး အောင်ပွဲခံတာ၊ အင်္ဂလန်ဝါရင့်တိုက်စစ်မှူးကြီး ပီတာခရော့ခ်ျ Peter Crouch ကတော့ သူ့အရပ်နဲ့မှ မလိုက် စက်ရုပ်ပုံစံကပြ အောင်ပွဲခံတာက နာမည်ကျော်ခဲ့ဖူးတယ်။ အဲဒီလို အောင်ပွဲခံပုံတွေက သိပ်ကိစ္စမရှိပေမယ့် တချို့ကစားသမားတွေကျတော့ ဝေဖန်ချင်စရာ အောင်ပွဲခံတဲ့အပြုအမူတွေ ပြုလုပ်ခဲ့ကြတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် နာမည်ကျော်ကစားသမားတွေရဲ့ ထူးထူးခြားခြားအောင်ပွဲခံပုံတွေကို ဗြိတိန်နာမည်ကျော် သတင်းစာ Daily Mail က အခုလိုစုစည်းဖော်ပြခဲ့ပါတယ် . . . .

Robbie Fowler vs Everton

လီဗာပူးလ်အသင်း ဂန္ထ၀င်တိုက်စစ်မှူးကြီး ရော်ဘီဖောင်လာ Robbie Fowler ရဲ့ အောင်ပွဲခံတဲ့ပုံစံက ဝေဖန်ချင်စရာပါပဲ။ ၁၉၉၉ ခုနှစ်တုန်းက အခါးသီးဆုံးမြို့ခံပြိုင်ဘက် အဲဗာတန်အသင်းဘက်ကို ဂိုးသွင်းအပြီး ကိုကင်းရှုတဲ့အမူအယာနဲ့ အောင်ပွဲခံခဲ့တာပါ။ အဲဒီလုပ်ရပ်အတွက် ဖောင်လာဟာ (၄)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသလို ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဖောင်လာဟာ မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲဒါကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ အခုလို အောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။

Emmanuel Adebayor vs Arsenal

အာဆင်နယ်တိုက်စစ်မှူးဟောင်း အဒီဘာယော Emmanuel Adebayor ကတော့ အာဆင်နယ်ပရိသတ်တွေက ကော်ခုံနဲ့ပစ်ပေါက်တဲ့အထိ မြို့မေတ္တာခံယူခဲ့ရဖူးပါတယ်။ အာဆင်နယ်ကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့လို့ အာဆင်နယ်ပရိသတ်တွေရဲ့ နံပါတ်(၁)ရန်သူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၀၉ စက်တင်ဘာလမှာ အသင်းဟောင်းနဲ့ ရင်ဆိုင်ခဲ့ရတော့ ဂိုးသွင်းအပြီးမှာ အာဆင်နယ်ပရိသတ်တွေရဲ့ရှေ့ အောင်ပွဲခံခဲ့တော့ ပရိသတ်တွေက ခုံနဲ့ပစ်ပေါက်ခဲ့တာပါ။

Nicolas Anelka vs West Ham

ပရီးမီးယားလိဂ် ကလပ်အသင်းတော်တော်များများမှာ ကျင်လည်ခဲ့ဖူးတဲ့ ပြင်သစ်နာမည်ကျော်တိုက်စစ်မှူးဟောင်း အနယ်လ်ကာ Nicolas Anelka ဟာ ၂၀၁၃ ခုနှစ်တုန်းက ၀က်စ်ဘရွန်းအသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အဲဒီနှစ်၊ ဒီဇင်ဘာလ ၀က်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲမှာ အနယ်လ်ကာဟာ ဂိုးသွင်းအပြီး Quenelle ပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။ Quenelle ဆိုတာက အနယ်လ်ကာရဲ့ သူငယ်ချင်း Comedian ဖြစ်တဲ့ Dieudonné M’bala M’bala က နာဇီပုံစံကို တစ်မျိုးထူးခြားအောင် ပြင်ဆင်ထားတဲ့ အပြုအမူဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် အနယ်လ်ကာကို FA က (၅)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး မကြာခင်မှာပဲ ၀က်စ်ဘရွန်းအသင်းက သူ့နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပါတော့တယ်။

Wayne Rooney vs Tottenham

၂၀၁၅ ခုနှစ်တုန်းက စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ မန်ယူတိုက်စစ်မှူး ရွန်နီ Wayne Rooney ဟာ ဂိုးသွင်းအပြီး လေထဲကို လက်သီးနဲ့ထိုး၊ မှောက်လဲချတဲ့ အောင်ပွဲခံပုံရိပ်တွေကို ပရိသတ်တွေ မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ ရွန်နီရဲ့ အောင်ပွဲခံပုံက အဓိပ္ပါယ်တော့ရှိတယ်။ အဲဒီပွဲမတိုင်ခင်က ရွန်နီဟာ မန်ယူအသင်းဖော်ဟောင်း ဘာစလေ Phil Bardsley နဲ့ သူ့အိမ်မှာ Boxing ထိုးခဲ့ပြီး ဘာစလေရဲ့ လက်သီးချက်ကြောင့် အရှုံးပေးခဲ့ရတဲ့အဖြစ်အပျက်ကို နောက်ပြောင်တဲ့အနေနဲ့ အဲဒီလို အောင်ပွဲခံခဲ့တာပါ။

ရွန်နီနဲ့ဘာစလေတို့ရဲ့ လက်ဝှေ့ပွဲကို ကြည့်ရန်ရုပ်သံလင့်ခ်

REF:Daily Mail
Photo:Daily Mail,Twitter,The Sun,The Independent,Daily Mirror
Naing Linn(Akhayar)
www.akhayar.com