ဘောလုံးအားကစားဆိုတာက ကစားသမားတစ်ဦးချင်းစီရဲ့ ကာယအား၊ ဉာဏအားကို အသုံးပြု ကစားရတာဖြစ်ပေမယ့် ကံကြမ္မာ အလှည့်အပြောင်းကလည်း ပွဲတစ်ပွဲအတွက် အရေးပါတဲ့အချက်ပါပဲ။ ဒါပေမဲ့ တချို့နာမည်ကျော် ဘောလုံးသမားတွေ၊ အသင်းတွေကျတော့ မယုံနိုင်လောက်အောင် အယူသည်းမှုတွေ ရှိနေပါတယ်။ ရယ်စရာလည်းကောင်းပါတယ်။ အဲဒါကြောင့် Akhayar Sports ပရိသတ်တွေလည်း သိရှိနိုင်အောင် ဘောလုံးလောကရဲ့ ထူးထူးဆန်းဆန်း အယူသီးတဲ့အဖြစ်အပျက်တွေကို ဖော်ပြလိုက်ရကြောင်းပါ . .

Cristiano Ronaldo
ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီနာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ ဇွဲလုံ့လစိုက်ထုတ်မှု ပြင်းထန်တဲ့သူ၊ နိုင်လိုစိတ်၊ အောင်မြင်မှုကို အမြဲဆာလောင်နေတတ်သူဆိုတာ အထူးပြောစရာလိုမယ် မထင်ဘူး။ ဒါပေမဲ့ မယုံနိုင်လောက်အောင်ပဲ စီရော်နယ်လ်ဒိုဟာ အယူသည်းတဲ့ အပြုအမူတွေလည်း ရှိနေပါတယ်။

သူဟာ လေယာဉ်စီးတယ်ဆိုရင် ပထမဦးဆုံး လေယာဉ်ပေါ်က ဆင်းတယ်၊ ကွင်းထဲကို ခြေချရင်လည်း ညာဘက်ခြေထောက်ကို အရင်ဆုံးချတယ်၊ ဖရီးကစ်ကန်ရင်လည်း ဘောလုံးနဲ့ အကွာအဝေးကို အတိအကျ သတ်မှတ်ပြီးမှ ကန်လေ့ရှိတယ်။ ဒါတင်မကသေးပါဘူး။ ရီးယဲလ်မှာ ကစားတုန်းက ပွဲပြီးရင် အ၀တ်လဲခန်းထဲက နောက်ဆုံးမှ ထွက်လေ့ရှိပြီး ပေါ်တူဂီအသင်းမှာတော့ ပထမဆုံး ထွက်လေ့ရှိပါတယ်။ တကယ့်ကို ရယ်စရာပါပဲ။

Johan Cruyff
ကွယ်လွန်သွားပြီဖြစ်တဲ့ အေဂျက်စ်၊ ဘာစီလိုနာနဲ့ နယ်သာလန်ဂန္ထ၀င် ကစားသမားကြီး ယိုဟန်ခရိုက်ဖ် Johan Cruyff ကတော့ တစ်မျိုးပါ။ အေဂျက်စ်မှာ ကစားခဲ့တုန်းက ပွဲမစခင် သူ့အသင်းဖော် ဂိုးသမား Gert Bals ရဲ့ ဗိုက်ကို လက်နဲ့အရင်ရိုက်ပါတယ်၊ ပြီးရင် ပြိုင်ဘက်ကွင်းဘက်ခြမ်းကို သွား၊ သူဝါးထားတဲ့ ပီကေကို ပြိုင်ဘက်ဂိုးပေါက်ရှေ့ကို မှန်းပြီး ထွေးလိုက်ပါတယ်။ ဘယ်လောက် ရယ်စရာကောင်းပါသလဲ။ အဲဒီအပြုအမူနဲ့ ပတ်သက်လို့ ယိုဟန်ခရိုက်ဖ်က ဒီလိုပြောခဲ့ဖူးတယ်။

“ဒါဟာ ထူးခြားတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အလုပ်ဖြစ်တယ်ဗျ။ ပွဲမစခင် အဲဒီလိုလုပ်မှ ပွဲကို အာရုံစူးစိုက်မှု အပြည့်နဲ့ကစားနိုင်ပြီး နိုင်ပွဲရလေ့ရှိတယ်လို့ ယုံကြည်ပါတယ်”။ ၁၉၆၉-၆၉ ရာသီ ဥရောပဖလား (ချန်ပီယံလိဂ်) ဗိုလ်လုပွဲမှာ အေဂျက်စ်ဟာ အေစီမီလန်အသင်းကို (၄-၁)ဂိုးနဲ့ မရှုမလှ ရှုံးခဲ့တယ်။ အကြောင်းရင်းကတော့ ယိုဟန်ခရိုက်ဖ်ဟာ ဂိုးသမား Gert Bals ရဲ့ ဗိုက်ကို လက်နဲ့ပုတ်ခဲ့ပေမယ့် ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ပီကေထွေးထုတ်ဖို့ မေ့သွားလို့ပါတဲ့။

Australian national team
သြစတြေးလျဘောလုံးအသင်းရဲ့ လုပ်ရပ်ကိုလည်း မပါမဖြစ်ဖော်ပြရမယ်။ ၁၉၇၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play Off ပွဲအဖြစ် ဇင်ဘာဘွေ (အဲဒီတုန်းက Rhodesia )အသင်းနဲ့ ဆုံတွေ့ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ အရေးပါတဲ့ပွဲမှာ အနိုင်ရဖို့အတွက် ဇင်ဘာဘွေနိုင်ငံ၊ မိုဇမ်ဘစ်မြိဲ့မှာရှိတဲ့ အောက်လမ်းဆရာဆီ တစ်သင်းလုံး သွား၊ ပြိုင်ဘက်ကို အသာရဖို့ အောက်လမ်းနည်းနဲ့ လုပ်ခိုင်းပါတော့တယ်။ အဲဒီမှာ အောက်လမ်းဆရာက ဂိုးတိုင်အောက်ခြေမှာ အရိုးတချို့ကို မြေမြုပ်၊ ဇင်ဘာဘွေအသင်းကို ကျိန်စာတိုက်တော့တာပဲ။

တိုက်ဆိုင်မှုလို့ပဲ ပြောရမလား သြစတြေးလျအသင်းက အဲဒီပွဲမှာ (၃-၁)ဂိုးနဲ့ နိုင်ပါလေရော။ ဒါပေမဲ့ ပွဲကစားနေတုန်းမှာ အောက်လမ်းဆရာက သူရဖို့ရှိတဲ့ ပေါင်(၁၀၀၀)ကို ပေးဖို့ တောင်းဆိုတယ်၊ အဲဒီအချိန်မှာ သြစတြေးလျအသင်းက ပေးဖို့ ငွေမရှိဘူးလို့ ငြင်းခဲ့တော့ အောက်လမ်းဆရာကြီး ဒေါသပေါက်ကွဲခဲ့တာကြောင့် သြစတြေးလျအသင်းဘက်ကို ကျိန်စာပြန်တိုက်ပါတယ်။ အဲဒါကြောင့် သြစတြေးလျအသင်းဟာ နောက်ဆုံးအဆုံးအဖြတ်ပွဲမှာ အစ္စရေးကို ရှုံးနိမ့်ခဲ့ပြီး ၁၉၇၀ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့ဘူး။ အဲဒီနောက်ပိုင်း အောက်လမ်းဆရာကြီးရဲ့ ကျိန်စာဆိုးက သြစတြေးလျအသင်းကို တောက်လျှောက် ထိုးနှက်တော့တာပဲ။

၁၉၇၄ ကနေ ၁၉၉၈ အထိ လုံးဝကို ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့ဘူး။ ၂၀၀၅ ခုနှစ်မှာတော့ သြစတြေးလျ ဂျာနယ်လစ် John Safran နဲ့ ၁၉၆၉ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက သြစတြေးလျအသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ Johnny Warren တို့ဟာ မိုဇမ်ဘစ်ကို ပြန်သွား၊ အောက်လမ်းဆရာ နောက်ထပ် တစ်ဦးကို ပြန်ခေါ်ခဲ့တယ်။ အဲဒီ အောက်လမ်းဆရာက ဇင်ဘာဘွေနဲ့သြစတြေးလျတို့ ကစားခဲ့တဲ့ကွင်းမှာ ကြက်တစ်ကောင်ကို သတ်၊ ကွင်းအနှံ့ သွေးနဲ့ ပတ်ဖြန်းပြီး ကျိန်စာဆိုးကို ပျက်ပြယ်အောင် လုပ်ခဲ့ပါတယ်။ မယုံနိုင်လောက်အောင်ပဲ ၂၀၀၆ ကမ္ဘာ့ဖလားမှာ သြစတြေးလျအသင်း ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတော့တယ်။

ဘောလုံးလောကရဲ့ ထူးထူးဆန်းဆန်း အယူသီးတဲ့ဖြစ်ရပ်တွေက ရယ်စရာ၊ မယုံကြည်စရာကောင်းပါတယ်။ အခုအပိုင်း(၁)အပြီး နောက်ထပ် အပိုင်း(၂)ကိုလည်း ဆက်လက်ဖော်ပြသွားဦးမှာပါ . .

REF:sportskeeda
Photo:Daily Mail,Pinterest,Wikimedia Commons,guim,InDaily,Turnt Sports 
Naing Linn(Akhayar)
www.akhayar.com