ဥရောပအကောင်းဆုံး ကစားသမား (Ballon d’Or) ဆုဆိုတာက ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုတစ်ခုဖြစ်ပြီး ဘောလုံးသမားတိုင်းအတွက် မျှော်လင့်ချက် အိပ်မက်လို့ တင်စားရမယ့် ဆုတစ်ခုပါ။ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလားဆိုတာကတော့ တစ်ဦးတစ်ယောက်ကောင်းရုံနဲ့ မရဘဲ အသင်းလိုက်စုစည်းမှု ရှိမှ ဆွတ်ခူးနိုင်မယ့် ဆုဖလားတွေလို့ သတ်မှတ်ရမယ်။ Ballon d’Or ၊ ချန်ပီယံလိဂ်၊ ကမ္ဘာ့ဖလားတို့ကို ရယူနိုင်ဖို့ဆိုတာက တကယ့်ကို မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက်မှာလည်း ဒီဆု(၃)ခုကို ရယူနိုင်ခဲ့တဲ့သူက စုစုပေါင်းမှ (၈)ဦးသာရှိသေးပြီး အဲဒီကစားသမားတွေထဲက ဂန္ထ၀င်ကစားသမား (၄)ဦးကို အပိုင်း(၁)အဖြစ် ရွေးချယ်ဖော်ပြလိုက်ရပါတယ် . .

Gerd Muller

Gerd-Muller

Gerd-Muller

“Der Bomber” လို့ အမည်ပြောင်သတ်မှတ်ခံခဲ့ရတဲ့ ဂျာမန်ဂန္ထ၀င်တိုက်စစ်မှူးကြီး ဂတ်မူလာ Gerd Muller ဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါပဲ။ ပြိုင်ဘက်ရဲ့ ပယ်နယ်တီဧရိယာအတွင်း ကြောက်စရာအကောင်းဆုံး ကစားသမားဖြစ်သလို၊ ဂိုးသွင်းခွင့် (၁)ကြိမ်ရရင် အဲဒီအခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းရှိသူပါ။ ဂတ်မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဥရောပဖလား (ချန်ပီယံလိဂ်)ကို ၁၉၇၃-၇၄၊ ၁၉၇၄-၇၅၊ ၁၉၇၅-၇၆ (၃)ရာသီဆက် ရယူခဲ့ပြီး အနောက်ဂျာမနီအသင်းနဲ့လည်း ၁၉၇၄ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့ပါတယ်။ Ballon d’Or ဆုကိုတော့ ၁၉၇၀ မှာ ရရှိခဲ့တာပါ။

Zinedine Zidane

Zidane

Zidane

“Zizou” ရဲ့ အကြောင်းကတော့ ပရိသတ်တွေကို အထူးတလည် ပြောစရာလိုမယ် မထင်ပါဘူး။ ဘောလုံးသမားဘ၀မှာ ပဉ္စလက်ဆန်တဲ့ ခြေစွမ်း၊ ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို ဖန်တီးပေးတတ်သူ၊ နည်းပြဘ၀မှာလည်း ရီးယဲလ်အသင်းနဲ့ သမိုင်းဝင်အောင်မြင်မှုတွေ ရယူခဲ့သူ။ ဇီဒန်းဟာ ပြင်သစ်အသင်းနဲ့ ၁၉၉၈ ကမ္ဘာ့ဖလား၊ ရီးယဲလ်အသင်းနဲ့ ၂၀၀၂ မှာ ချန်ပီယံလိဂ်ဖလားတွေ ရယူခဲ့ပြီး ၁၉၉၈ မှာ Ballon d’Or ဆု ရရှိခဲ့ပါတယ်။

Franz Beckenbauer

Franz-Beckenbauer

Franz-Beckenbauer

ဂျာမန်တို့ရဲ့ ဘုရင်ကြီး (Der Kaiser) ဘက်ကင်ဘောင်ဝါ Franz Beckenbauer ဆိုတာက ဘောလုံးသမိုင်းတစ်လျှောက် Greatest Players တွေထဲမှာ တစ်ဦးအပါအ၀င်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ အခုမော်ဒန်ဘောလုံးလောကမှာ ပြန်ခေတ်စားနေတဲ့ Ball Playing Defender ဆိုတာ အရင်တုန်းက ဘက်ကင်ဘောင်ဝါလို ကစားသမားမျိုးပါပဲ။ ဘက်ကင်ဘောင်ဝါဟာ ဥရောပဖလား (ချန်ပီယံလိဂ်)ကို ၁၉၇၄ ကနေ ၁၉၇၆ ခုနှစ်အထိ (၃)နှစ်ဆက် ရယူခဲ့ပြီး အနောက်ဂျာမနီအသင်းနဲ့ ၁၉၇၄ ကမ္ဘာ့ဖလား၊ ၁၉၇၂၊ ၁၉၇၆ ခုနှစ်တွေမှာ Ballon d’Or ဆုတွေကို ဆွတ်ခူးခဲ့တယ်။ နောက်ပြီး နည်းပြဘ၀မှာ ဂျာမနီအသင်းနဲ့ ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူခဲ့လို့ ကမ္ဘာ့ဖလားကို ကစားသမား/နည်းပြအဖြစ် ဆွတ်ခူးခဲ့သူ ရှားရှားပါးပါး (၃)ဦးထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါတယ်။

Ronaldinho

Ronaldinho

Ronaldinho

ညက်ညောတဲ့ ကစားဟန်၊ စွဲမက်စရာကောင်းတဲ့ ဘောလုံးစွမ်းရည်တွေနဲ့ တစ်ချိန်က ဘောလုံးလောကကို သိမ်းပိုက်ခဲ့သူပါ။ ဘောလုံးကျွမ်းကျင်သူတွေကတော့ ရော်နယ်လ်ဒင်ဟို Ronaldinho ကို ဘောလုံးသမိုင်းတစ်လျှောက် Greatest Dribbler အဖြစ် တင်စားခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဘာစီလိုနာအသင်းအတွက် (၁၄)နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ခဲ့ပြီး Ballon d’Or ဆုကို ၂၀၀၅၊ ၂၀၀၂ ခုနှစ်မှာ ဘရာဇီးလ်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ဆွတ်ခူးခဲ့တယ်။

Ballon d’Or ၊ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးခဲ့တဲ့ ရှားရှားပါးပါး ကစားသမား (၈)ဦးထဲက (၄)ဦးကို အပိုင်း(၁)အဖြစ် ဖော်ပြခဲ့ပြီးပါပြီ။ ကျန်တဲ့ (၄)ဦးကိုလည်း ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော် အားပေးကြပါဦး . .

REF:sportskeeda
Photo:The Sun,Getty Images,Goal,Pinterest,AS
Naing Linn(Akhayar)
www.akhayar.com