အမျိုးသမီးတွေဟာ လှချင်တဲ့အမျိုးတွေ ဖြစ်တာနဲ့အညီ အလှအပနဲ့ပတ်သက်တဲ့ အသစ်အဆန်း ပစ္စည်းလေးတွေတိုင်းကို စမ်းသပ်ပြီး အသုံးပြုချင်ကြတဲ့အတွက် ထွက်သမျှပစ္စည်းတွေတိုင်းကို ဝယ်ယူအသုံးပြုကာ လှသည်ထက် ပိုလှအောင် ကြိုးစားတတ်ကြပါတယ်။ အဲဒီလို ထွက်သမျှ ပစ္စည်းတွေတိုင်းကို ဝယ်ယူသုံးစွဲကြတဲ့အခါ ငွေကုန်သလို အခန့်မသင့်ရင်အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အလှပပစ္စည်းတွေ ဝယ်ယူခြင်းကြောင့် ဘတ်ဂျက်မထိခိုက်စေဖို့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ဝယ်ယူခါနီးတိုင်း လိုအပ်လား မလိုအပ်ဘူးလား မေးခွန်းထုတ်ပါ

Skin Care တွေနဲ့ မိတ်ကပ်ပစ္စည်းတွေ ဝယ်ယူတာခက်ခဲတဲ့ ကိစ္စမဟုတ်သလို အခုဝယ် အခုရပါတယ်။ ဒီလို အလွယ်တကူ ဝယ်ယူလို့ရတဲ့ ပစ္စည်းတွေကို မကုန်သေးဘဲ ကြိုတင်ဝယ်ယူစုဆောင်းထားတာမျိုးက ငွေဖြုန်းခြင်းလည်း ဖြစ်သလို မသုံးဖြစ်ခဲ့ရင်လည်း နှမြောစရာကြီးပါ။ Beauty Blogger တွေနဲ့ YouTube တွေကြည့်လို့ရလာတဲ့ ခေတ်ကြီး ဖြစ်လာတဲ့အခါ သူတို့ သုံးပြသမျှ ပစ္စည်းတွေတိုင်းက စမ်းသုံးကြည့်ချင်တဲ့စိတ်နဲ့ သင့်တော်တာရော မသင့်တော်တာရော ဝယ်ယူသုံးစွဲခြင်းက မှန်တင်ခုံပေါ်မှာ အလှပြင်ပစ္စည်းတွေ ပိုများလာတာပဲ အဖတ်တင်စေပါတယ်။ ဒါကြောင့်မို့ အလှကုန်ပစ္စည်းဝယ်ခါနီးတိုင်း လိုအပ်လား မလိုအပ်လား အကြိမ်ကြိမ်မေးပြီးမှ ဝယ်ယူပါ။

(၂) ပါဝင်ပစ္စည်းကိုပဲ ကြည့်ပါ Brand ကို မကြည့်ပါနဲ့

အလှကုန် ထုတ်လုပ်သူတွေရဲ့ ထူးဆန်းတဲ့လျှို့ဝှက်ချက်တစ်ခုကတော့ Brand တွေနဲ့ နာမည်တွေသာ ကွဲရင်ကွဲသွားမယ် ပါဝင်ပစ္စည်းတွေကတော့ အများအားဖြင့် သိပ်ကွဲပြားခြင်းမရှိပါဘူး။ Formula အသစ်ဖန်တီးထုတ်လုပ်မှသာ ငွေကုန်ကြေးကျ များကြပေမယ့် နဂိုရှိပြီးသား Formula တွေကို ပြန်ထုတ်ရင် ငွေကုန်ကြေးကျက အရမ်းကြီး မများပါဘူး။ ဒါကြောင့်မို့ အစွဲကြီးပြီး Brand တွေကိုပဲ ဝယ်ယူပြီး သုံးစွဲကာ ငွေဖြုန်းတာမျိုး မပြုလုပ်ဖို့ အကြံပေးပါရစေ။

(၃) စွယ်စုံသုံးလို့ရတဲ့ Product တွေကို ဝယ်ယူအသုံးပြုပါ

အလှကုန်တွေထဲမှာ စွယ်စုံသုံးလို့ရတဲ့ အလှပြင်ပစ္စည်းတွေ ရှိပါတယ်။ စွယ်စုံသုံးလို့ရတဲ့ အလှပြင်ပစ္စည်းတွေကို ရှာဖွေဝယ်ယူသုံးစွဲခြင်းက အမျိုးစားကွဲတွေ အများကြီး ဝယ်ယူစရာမလိုတော့တဲ့အတွက် ငွေကုန်ကြေးကျ အတော်သက်သာစေပါတယ်။ ဥပမာအနေနဲ့ဆို Vaseline က အကောင်းဆုံး စွယ်စုံသုံးလို့ရတဲ့ အလှပပစ္စည်းမျိုးဖြစ်ပါတယ်။ Vaseline ကို မိတ်ကပ်ဖျက်ဆေး၊ Moisturizer နဲ့ Lip Balm အနေနဲ့ အသုံးပြုလို့ရပါတယ်။

(၄) ပစ္စည်းအရည်အသွေးမကျအောင် ပြုလုပ်ပြီး အသုံးပြုခြင်း

အလှပြင်ပစ္စည်းတွေဟာ မျက်နှာပေါ်မှာတင်ပြီး အသုံးပြုရတာဖြစ်တဲ့အတွက် Expire Date ကို ကြည့်ပြီး အသုံးပြုဖို့က အလွန်အရေးကြီးပါတယ်။ မျက်နှာဆိုတာ နုနယ်တဲ့အပိုင်းဖြစ်လို့ သက်တမ်းကုန်ဆုံးပြီး အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေအသုံးပြုမိရင်း ထမ်းပိုးထက်လက်ခများဖြစ်နိုင်လို့ အသုံးမပြုတာ အကောင်းဆုံးပါပဲ။ တချို့အရာတွေက Expire Date မကုန်ခင်မှာ အရည်အသွေးကျသွားလို့ လွင့်ပစ်လိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုပစ္စည်းအရည်အသွေးမကျဖို့အတွက်ဆို နေရောင်နဲ့လေ မထိရမယ့်အရာတွေဆိုရင် နေရောင်နဲ့ လေမထိအောင် ဂရုစိုက်ပြီး ထားပေးခြင်းမျိုး ပြုလုပ်ကာ ပစ္စည်းအရည်အသွေးမကျအောင် ပြုလုပ်လို့ ရပါတယ်။

(၅) အကျင့်ကိုပြောင်းပါ

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ငွေကုန်ကြေးကျနည်းနည်းနဲ့ ကျန်းမာတဲ့ အသားအရေရရှိဖို့အတွက်ဆို ကောင်းမွန်တဲ့အကျင့်တွေကို ရေရှည်လုပ်နိုင်အောင်ပြုလုပ်ခြင်းနဲ့ မကောင်းတဲ့ အကျင့်တွေကို ပြောင်းလဲလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆို လက်နဲ့ မျက်နှာကို မကြာခဏထိခြင်း ပြုလုပ်လေ့ရှိရင် အဲဒီအကျင့်ကို တတ်နိုင်သမျှ ဖျောက်ပါ။ ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ခါလျှော်တဲ့ အလေ့အကျင့်ကောင်းရှိရင် ဒီအလေ့အကျင့်ကောင်းကို မပျက်အောင် ဆက်လက်လုပ်ဆောင်ပါ။ ငွေကုန်ကြေးကျ မများဘဲ လှပချင်တယ်ဆိုရင်တော့ မပျင်းဖို့လိုအပ်သလို ဖျောက်သင့်တဲ့အကျင့်တွေကို တတ်နိုင်သမျှ ရအောင်ဖျောက်ဖို့ကလည်း အရေးကြီးပါတယ်။

H.H(Akhayar)

www.akhayar.com