ချစ်ခရီးလမ်းတွေ တည်ဆောက်ကြတဲ့အခါမှာ မတူညီတဲ့ လူနှစ်ယောက်ပေါင်းစပ်ကြတဲ့အတွက် အခက်အခဲတွေ၊ ပြဿနာတွေ ကြုံတွေ့တာကတော့ သဘာဝပါပဲ။ အခက်အခဲတွေ၊ ပြဿနာတွေရှိလာပြီဆိုရင်လည်း ဖြေရှင်းဖို့ နည်းလမ်းဆိုတာကလည်း ရှိတတ်စမြဲပါပဲ။ အချိုကြိုက်တဲ့သူကို အချိုကျွေးပြီးချော့သလိုမျိုး ဒီလူက ဘာကြိုက်လဲ သူကြိုက်တာကို သိအောင် လေ့လာပြီး ညှိညှိနှိုင်းနှိုင်းလေးနဲ့ အပေးအယူတည့်တည့်လေး နေလိုက်မယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခရီးလမ်းလေးကို တည်ဆောက်နိုင်မှာ အသေအချာပါပဲ။ အပေးအယူတည့်တည့်နဲ့ တည်ဆောက်နိုင်ဖို့အတွက် အကြိုက်သိဖို့ လိုပါတယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီိလို အကြိုက်သိတဲ့နေရာမှာလည်း သာမန်ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းနေတဲ့ မိန်းကလေးတွေရဲ့ အကြိုက်ကို သိဖို့ စုံးစမ်းရတာ လွယ်ကူပေမယ့် အရမ်းစိတ်ဓာတ်ကြံ့ခိုင်သန်မာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြိုက်ကို သိဖို့ကတော့ မလွယ်ကူပါဘူး။ အဲ့လိုမလွယ်ကူတဲ့ အချက်တွေ လွယ်ကူသွားစေဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေ အချစ်ရေးမှာ လိုချင်တတ်တဲ့ အချက်လေးတွေက ဘာတွေလဲဆိုတာ သိစေဖို့အတွက် မျှဝေပေးချင်ပါတယ်။

(၁) အမှီအခိုကင်းကင်းနေရတာကြိုက်တယ်

စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေနဲ့ ချစ်သူတော်မယ်ဆိုရင်တော့ သူတို့ကို ချုပ်ချယ်တာမျိုး လုပ်ဖို့တော့ မစဉ်းစားပါနဲ့။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ ဖြစ်တာနဲ့အညီ လွတ်လွတ်လပ်လပ်နဲ့နေလိုသလို အနှောင်အဖွဲ့တွေကိုလည်း သိပ်ပြီးမခံနိုင်ကြပါဘူး။ သံယောဇဉ်ဖြစ်သွားပြီး အရမ်းချစ်လာမှသာ အနှောင်အဖွဲ့တွေနဲ့ နေသားကျလာကြပါတယ်။ ဒါကြောင့်မို့ မလိုအပ်ဘဲ အရမ်းကြီး စိုးမိုးခြယ်လှယ်တာမျိုး မပြုလုပ်သင့်သလို ရွေးချယ်မှုတွေ လုပ်နိုင်ဖို့အတွက်လည်း လွှတ်ပေးသင့်ပါတယ်။ သူနဲ့ ပတ်သက်ပြီး အရမ်းကြီး စိတ်နှစ်ထားတာမျိုး မလုပ်ဘဲ သူလိုအပ်တာလောက်ကိုပဲ လုပ်ပေးဖို့ ကြိုးစားကြည့်ပါ။

(၂) တန်းတူညီမျှ ရှိမှုကို လိုလားသူတွေပါ

မြန်မာ့လူအဖွဲ့အစည်းက အိမ်ထောင်ရေးတွေမှာဆိုရင် အိမ်မှုကိစ္စလုပ်တာ၊ ကလေးစောင့်ရှောက်တာတွေနဲ့ မိသားစုတွေကို ဂရုစိုက်ခြင်းအလုပ်က အမျိုးသမီးတွေရဲ့ အလုပ်လို့ သတ်မှတ်ထားကြပါတယ်။ ခေတ်ကာလတွေ ဘယ်လောက်ပဲပြောင်းပြောင်း ဒီအယူအဆတွေကတော့ လူအဖွဲ့အစည်းတချို့မှာ အနည်းအကျဉ်း ကျန်ရှိနေကြပါသေးတယ်။ ဒါပေမယ့် အဲဒီလိုလုပ်ရမယ့်အလုပ်မျိုးတွေကို စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေအနေနဲ့ဆို တန်းတူညီတူလုပ်ဖို့ ကိုယ်ရဲ့ လက်တွဲဖော်ကို တောင်းဆိုပါလိမ့်မယ်။ သူတို့ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေဖြစ်တာနဲ့အညီ ယောကျာ်း၊မိန်းမ ခွဲခြားပြီး ဆက်ဆံတာကိုလည်း မကြိုက်တဲ့သူမျိုးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ သူတို့နဲ့ ကြိုက်ပြီး ယူဖို့ စဉ်းစားပြီးဆိုရင် ဒီအချက်ကို လိုက်လျောပေးနိုင်လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

(၃) ကိုယ်ပိုင် Career ကိုထိပါးတာလည်း မကြိုက်ပါဘူး

စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေနဲ့ ကြိုက်မိပြီဆိုရင် ညှိယူရမှာကတော့ တခြားသူတွေထက် ပိုများမယ်ဆိုတာကို ယုံကြည်ထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ ဖြစ်ရုံမကဘဲ အလုပ်ကိုလည်း ချစ်မြတ်နိုးတတ်တဲ့သူတွေဖြစ်လို့ အိမ်ထောင်ပြုပြီးသွားတဲ့အခါမှာ အလုပ်ထွက်ပြီး အိမ်မှုကိစ္စတွေပဲ လုပ်ဆိုပြီး ခိုင်းလို့မရပါဘူး။ ဒါကြောင့်မို့ သူတို့ရဲ့ Career ကိုစွန့်လွှတ်ဖို့ ဘယ်တော့မှ သွားမပြောမိပါစေနဲ့။ စွန့်လွှတ်ဖို့ ပြောမိတဲ့နေ့ဟာ ရန်ဖြစ်ပြီး သတ်ရမယ့်နေ့မျိုး ဖြစ်သွားပါလိမ့်မယ်။ သူဘက်ကစွန့်လွှတ်မယ်လို့ ပြောလာပြီးဆိုရင်တော့ သင်ကို အရမ်းချစ်လွန်းလို့သာ ဖြစ်ပါလိမ့်မယ်။ အဲ့ခါကျရင်တော့ သူဆုံးဖြတ်ချက်ချတဲ့အတိုင်း သူဘက်မှာ ကိုယ်ရှိတယ်၊ သူဆုံးဖြတ်ချက်ကို လေးစားတယ်ဆိုတာမျိုး သိအောင် ပြန်လုပ်ပေးပါ။

(၄) ချစ်ပြီး လေးစားသမှု ရှိပေးပါ

ဘယ်ချစ်ခရီးလမ်းမှာမဆို ချစ်တတ်ပြီး တစ်ယောက်အပေါ် တစ်ယောက် လေးစားမှုရှိပေးဖို့က အရေးကြီးတဲ့ အချက်ပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးနဲ့ ချစ်သူတော်ရတဲ့အခါမျိုးမှာလည်း ဒီအချက်ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။သူတို့နဲ့ ချစ်သူတော်ရင် မဖြစ်မနေ လေးစားမှုထားပြီး ချစ်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ မာနကို စွဲကိုင်ထားတဲ့ သူတွေ ဖြစ်နေတတ်တဲ့အတွက် လေးစားမှုနဲ့သာ သူတို့ရဲ့ မာနကို ပျော့ကြသွားအောင်၊ လျော့ပါးသွားအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးနဲ့မှ မဟုတ်ပါဘူး ဘယ်သူနဲ့ပဲချစ်ကြိုက် ချစ်ကြိုက် လေးစားမှုလေးထားပြီး ချစ်ပေးဖို့ကတော့ မဖြစ်မနေ အရေးကြီးပါတယ်။

(၅) ကိုယ်ပိုင်အချိန်လေးပေးပါ

ကိုယ်ပိုင်အချိန်က လူတိုင်းလိုလိုမှာ ရှိသင့်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေကိုတော့ သာမန်လူတွေထက် ကိုယ်ပိုင်အချိန်ပိုပေးသင့်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူတိုင်းဟာ စိတ်ဓာတ်တကယ်ကြံ့ခိုင်တာမျိုး မဟုတ်ကြဘဲ ကြံ့ခိုင်ချင်ယောင်ဆောင်ထားတာမျိုး ဖြစ်တတ်ကြသလို စိတ်ကလည်း သာမန်လူတွေထက် ပိုနူးညံ၊ သိမ်မွေ့တဲ့သူတွေ ဖြစ်ကြပါတယ်။ အဲဒီလိုဖြစ်တာနဲ့အမျှ စိတ်ဖိစီးမှုတွေ၊ စိတ်ခံစားချက်တွေကိုလည်း သူများနဲ့ မတူအောင် ထွေပြားဝေဝါးနေတတ်လို့ ကိုယ်ပိုင်အချိန်လေးယူပြီး စိတ်ကို လန်းဆန်းလာအောင် ပြန်လည်ပျော်ရွှင်လာအောင်နဲ့ အားပြည့်လာအောင် ပြုလုပ်ခွင့်ပေးလိုက်ပါ။ အချိန်တစ်ခုယူပြီး ကိုယ်ပိုင်အချိန်ဖန်တီးလိုက်ခြင်းက ပြဿနာတချို့ကို ဖြေရှင်းပြီးသားဖြစ်စေသလို ဖြေရှင်းနည်းတချို့ကိုလည်း ရှာဖွေတွေ့ရှိစေပါတယ်။ ဒါကြောင့်မို့ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူလေးတွေကိုလည်း ကိုယ်ပိုင်အချိန်ရှိအောင် ဖန်တီးပေးကာ ပျော်ရွှင်အောင်လုပ်ပေးလိုက်ပါ။

H.H(Akhayar)

www.akhayar.com