ကားအကောင်းစားကြီးကို နေ့တိုင်းစီးနေရပေမယ့် နေ့တိုင်းပျော်မနေဘဲ ချစ်သူနဲ့ ဟန်းနီးမွန်းခရီးစဉ်အကြောင်းတွေးမိတော့မှ အူလှိုက်သည်းလှိုက်ပြုံးမိသောအခါ…

ဒါမျိုးအဖြစ်တွေ အမြဲလိုလို ကြုံဖူးကြပါလိမ့်မယ်။ ရွှေလက်စွပ်ကြီးဝတ်ထားလို့ ပျော်နေတာမဟုတ်ဘဲ သွားခဲ့တဲ့ ခရီးတွေအကြောင်း ပြန်စဉ်းစားမိမှ အသေရယ်ရတာမျိုးတွေပေါ့။ ဘဝမှာ ပစ္စည်းဥစ္စာဆိုတာလည်း အတိုင်းအတာ တစ်ခုထိ မပါမဖြစ်ဆိုပေမယ့် အမှတ်တရဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကသာ ဘဝကို ပိုအဓိပ္ပာယ်ရှိစေတယ်ဆိုတာလည်း အမှန်ပါပဲ။

ပြီးတော့ နောက်ပိုင်းခေတ်လူငယ်တွေဟာ ပိုပြီးရဲရင့်လာကြတယ်၊ စွန့်စားမှုကို နှစ်သက်လာကြတယ်။ နောက်ပိုင်းလူငယ်တွေရဲ့ အိပ်မက်ဟာ ကမ္ဘာပတ်ပြီး ခရီးထွက်မယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ဈေးကြီးပေးပြီး ပစ္စည်းကောင်းတွေ ဝယ်တာထက် သက်စွန့်ဆံဖျား စွန့်စားခန်းတွေကိုမှ အကုန်အကျခံပြီး လုပ်ချင်လာကြတယ်။

Blueboard ရဲ့ CEO နဲ့ Co-founder ဖြစ်တဲ့ Taylor Smith ကတော့ “ကျွန်တော်တို့ လူငယ်၊ လူလတ်ပိုင်းတွေဟာ ကားအသစ်တွေ၊ TV တွေ၊ လက်ပတ်နာရီတွေဝယ်တဲ့နေရာတွေမှာ ငွေတွေ မသုံးတော့ပါဘူး၊ အဲဒီအစား Scooters တွေ ငှားပြီး စီးမယ်၊ Vietnam ကို ခရီးထွက်မယ်၊ ဂီတပွဲတော်တွေကို သွားမယ်၊ ပီရူးမှာ ရှိတဲ့ Machu Picchu တောင်ကို တက်မယ်ဆိုတဲ့ နေရာတွေမှာပဲ ငွေကုန်ခံလာကြပါတော့တယ်” လို့ CNBC ကို ပြောခဲ့ပါတယ်။

တန်ဖိုးကြီးပစ္စည်းတွေ ဝယ်မယ့်အစား ဘာလို့ ဒီလိုအမှတ်တရတွေ၊ အတွေ့အကြုံတွေနေရာမှာ ငွေပိုသုံးလာကြလဲဆိုတာကို စိတ်ပိုင်းဆိုင်ရာ သုတေသနပညာရှင်တွေက ဆန်းစစ်ကြည့်ကြတဲ့အခါမှာတော့ –

၁။ ပစ္စည်းဥစ္စာကပေးတဲ့ ပျော်ရွှင်မှုဆိုတာဟာ အလျင်အမြန်ပျောက်ကွယ်လွယ်ပါတယ်။

ပျော်ရွှင်မှုရဲ့ ရန်သူတွေထဲက တစ်ခုဟာ အစားထိုးပြောင်းလဲလွယ်ခြင်းပါပဲ လို့ စိတ်ပညာသုတေသီ Dr. Gilovich က ဆိုပါတယ်။ ကိုယ့်ကို ပျော်ရွှင်စေမယ့် ပစ္စည်းတွေ ဝယ်ကြတယ်၊ ရရင် ပျော်လည်း ပျော်ကြတယ်။ ဒါပေမယ့် ဒါဟာ ခဏပန်းအတွက်ပဲ ဟုတ်ပြီး နောက်ထပ် ပစ္စည်းအသစ် အသစ်တွေ၊ မော်ဒယ်လ် အသစ်တွေ ပေါ်လာတဲ့အခါ ကျွန်တော်တို့ဟာ အဲ့ဒီပစ္စည်းတွေကို ထပ်လိုချင်၊ အစားထိုးပြောင်းလဲချင်နေကြတာမျိုးပေါ့။

ကားအသစ်၊ iPh စတာတွေဟာ ပိုင်ဆိုင်ပြီးသွားတဲ့အခါ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီး ထူးခြားမှုမရှိတော့ပါဘူး။ ခရီးထွက်တာလို၊ ကိုယ်သိပ်ကြိုက်တဲ့ ပန်းချီပြပွဲတစ်ခုကို သွားကြည့်ခဲ့တာလို၊ စားသောက်ဆိုင်သစ်တစ်ခုကို သွားစားခဲ့တာမျိုးကမှ ပြန်ပြောတိုင်း စိတ်ကျေနပ်နေရတာမျိုးဖြစ်ပြီး ငါကဘယ်လို လူလေ၊ ဘယ်လိုတွေ လုပ်ခဲ့တာဆိုတဲ့ Identity ကို ဖြစ်လာစေတယ်။

၂။ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေဟာ လူမှုဆက်ဆံရေးမှာ မျှဝေလို့ ကောင်းတဲ့ အရာမဟုတ်ပါဘူး။

ကိုယ်သွားတဲ့ ခရီးတွေ အကြောင်း၊ ကိုယ်စားခဲ့ဖူးတဲ့ ဒေသထွက်အစားအစာတွေ အကြောင်း တခြားသူတွေကို မျှဝေရင်း ပျော်ရွှင်မှုတွေကို မျှဝေလို့ ရပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်ကြိုက်တဲ့ အဆိုတော်ရဲ့ ရှိုးပွဲကို ဘယ်လို သွားခဲ့တာ၊ဘယ်လိုကဲခဲ့ဖူးတယ်လို့ ပြောရတာက ကိုယ့်မှာ ရှိတဲ့ စိန်ရွှေရတနာ၊ကားအသစ်တွေ၊ အိမ်တွေ အကြောင်းပြောတာထက် ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေ အကြောင်းပဲ ပြောနေမယ်ဆိုရင်တော့ ကြွားလိုက်တာလို့လည်း အထင်ခံရနိုင်တယ်လေ။

၃။ အချိန်ကာလတွေက ပိုပြီး မှတ်မိလွယ်စေပါတယ်။

ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဖြစ်ပါစေ၊ ရန်သူမျိုးငါးပါးနဲ့ တွေ့ရင် ပျက်စီးဆုံးရှုံးရစမြဲပါပဲ။ အမှတ်တရ အချိန်ကာလတွေကတော့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် သေတဲ့အထိ ကိုယ်နဲ့ ပါသွားမယ့်၊ စဉ်းစားတိုင်း ပြန်ကြည်နူးရမယ့် အရာတွေ ဖြစ်ပါတယ်။ ကားသစ်တစ်စီးဝယ်တဲ့နေ့ထက် ကိုယ့်သူငယ်ချင်းတွေနဲ့ အတူသောင်းကျန်းပြီး ကဲခဲ့ရတဲ့ ရှိုးပွဲနေ့တွေ၊ Bachelor Night တွေကို ပိုမှတ်မိတတ်တာ သဘာဝပါပဲ။

၎။ အတွေ့အကြုံသစ်တွေဟာ ကမ္ဘာသစ်တစ်ခုကို ခေါ်ဆောင်သွားမယ့်အရာတွေပါ။

စွန့်စားမှုတစ်ခု ဒါမှမဟုတ် ကိုယ်မလုပ်ဖူးတဲ့ အတွေ့အကြုံတစ်ခုဟာ အတွေးအမြင်သစ်တွေ၊ ဘဝသင်ခန်းစာအသစ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ဥပမာ ခရီးသွားတယ်ပဲ ထားပါတော့၊ ရန်ကုန်ကနေပြီး မန္တလေးကိုသွားတယ်ဆိုရင် မန္တလေးကို ရောက်တာနဲ့ မန္တလေးမှာ နေရတဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ သဘာဝပတ်ဝန်းကျင်မတူညီတာတွေ၊ စားသောက်စရာကောင်းကောင်းနဲ့ လည်စရာပတ်စရာတွေ သိရပြီး ဒါတွေက ခင်ဗျားကို ပြန်ပြီး စိတ်ကြည်လင်လန်းဆန်းပြီး လူသစ်တစ်ယောက်လို ဖြစ်စေမှာပါ။

၅။ ပစ္စည်းတွေနဲ့ ပြည့်ကျပ်ရှုပ်ပွနေခြင်း

အိမ်မှာ မလိုတဲ့ ပစ္စည်းတွေနဲ့ ပွနေတယ်လို့ ခံစားနေရပါသလား။ နောက်ဆုံးပေါ်မော်ဒယ်လ်ပစ္စည်းတွေ ထွက်တာနဲ့ ဝယ်ပြီးရင်း ဝယ်၊ အဟောင်းတွေကလည်း ကောင်းသေးတော့ မပစ်ရက်ဘဲ အိမ်မှာ တဖြည်းဖြည်းပွလာတာမျိုးပေါ့။ ဒီလိုရှုပ်ပွနေတဲ့ အပုံကြီးထဲနေရတာ ခင်ဗျားကို စိတ်ရှုပ်စေပြီး စိတ်ဖိစီးမှုကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ပဲ အရာဝတ္ထုပစ္စည်းတွေထက် စွန့်စားခန်းတွေ၊ အတွေ့အကြုံအသစ်တွေမှာပဲ ရင်းနှီးမြှုပ်နှံသင့်တာပေါ့။

အခရာပရိသတ်ကြီးကရော ပစ္စည်းကောင်းတွေ၊ ပစ္စည်းအသစ်အဆန်းတွေ ဝယ်ရတာ နှစ်သက်တဲ့ သူလား၊ ခရီးတွေထွက်၊ စွန့်စားပြီး အတွေ့အကြုံသစ်ရှာတာ နှစ်သက်တဲ့ သူလားဆိုတာ Comment လေးတွေ ပေးခဲ့ပါဦး။

ရိုးလူ (အခရာ)

www.akhayar.com