တစ်ခါတစ်လေမှာ ကိုယ်နဲ့သက်တူရွယ်တူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ရာထူးကြီးကြီးတွေ၊ လစာကောင်းကောင်းတွေ ရကုန်ပြီ၊ ကိုယ်ကတော့ အငယ်တန်းမှာပဲ ရှိသေးတယ်။ ကိုယ့်ကိုကိုယ် နောက်ကျနေပြီထင်ပြီး စိတ်ပျက်နေတာလား။ ကဲ . . . အသက်ကြီးမှ အောင်မြင်သွားကြတဲ့ လူ (၅) ယောက်ရဲ့အကြောင်းကို ဖော်ပြချင်ပါတယ်။

(၁) Vera Wang

နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Vera Wang ဟာ အသက် (၄ဝ) လောက်အထိ ဖက်ရှင်လောကထဲ မဝင်သေးပါဘူး။ ၁၉၄၉ခုနှစ်မှာ မွေးဖွားတဲ့ သူမဟာ Sarah Lawrence College မှ ဘွဲ့ရပြီးတဲ့အခါ Vogue မဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အယ်ဒီတာအဖြစ်နဲ့ (၁၇) နှစ်တာ ဖြတ်သန်းပြီးတဲ့အချိန်မှာ ဖက်ရှင်ဂုရုကြီး Ralph Lauren ဆီမှာ (၂) နှစ်လောက် ပညာသင်ခဲ့ပါသေးတယ်။ ဖက်ရှင်ဒီဇိုင်နာအဖြစ်နဲ့ အသက်မွေးတော့ သူမဟာ အသက် (၄ဝ) ရှိနေပါပြီ။ သူမရဲ့ဒီဇိုင်းတွေဟာ Victoria Beckham ၊ Ivanka Trump နဲ့ Chelsea Clinton တို့လို နာမည်ကျော်တွေရဲ့ ပင်တိုင်ဒီဇိုင်နာကြီးဖြစ်လာခဲ့ပါတယ်။

(၂) Susan Boyle

၁၉၆၁ခုနှစ်မှာ နာမည်ကျော် အဆိုရှင် Susan Boyle ကို အင်္ဂလန်နိုင်ငံ ဘလက်ဘန်းမြို့  မှာ မွေးဖွားခဲ့တယ်။ သူမကို မွေးဖွားတဲ့အချိန်တုန်းက အောက်စီဂျင်အလုံအလောက် မရခဲ့လို့ သင်ယူနိုင်စွမ်းအားနည်းမှု (Learning Disability) အကျိုးဆက်ကို ရရှိခဲ့ပါတယ်။ ဒ့ါကြောင့် ငယ်စဉ်ဘဝတုန်းက ပညာရေးမှာ မထူးချွန်ခဲ့ပါဘူး။ သူမဟာ ဥာဏ်ရည်မြင့်မားပေမယ့် လူမှုဆက်ဆံရေးနဲ့ ဘာသာစကားပိုင်းမှာ အားနည်းတဲ့ရောဂါ (Asperger Syndrome) ဖြစ်နေတယ်လို့ သိရပြန်ပါတယ်။ ၂ဝဝ၉ခုနှစ်မှာ BGT (Britain’s Got Talent) ရဲ့ Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုရရှိရာမှ ကမ္ဘာကျော်ဖြစ်လာခဲ့ပါတယ်။ ၂ဝဝ၉ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ “I Dreamed a Dream “ ဆိုတဲ့ အခွေဟာ နာမည်ကျော်ခဲ့ပြီး သမိုင်းတစ်လျှောက် ဗြိတိန်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံးအခွေဖြစ်လာခဲ့ပါတယ်။

(၃) Stan Lee

၁၉၂၂ခုနှစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ မွေးဖွားခဲ့တဲ့ Stan Lee ဟာ အစတုန်းက Timely Comics မဂ္ဂဇင်းမှာ ရုံးဝန်ထမ်းအနေနဲ့ လုပ်ခဲ့ပါတယ်။ ပြီးတော့ အယ်ဒီတာလုပ်ခဲ့ပြန်တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်လာတော့ စစ်ထဲကို ဝင်သွားသေးတယ်။ ပြီးတော့မှ “Marvel Comics” ကို ရောက်လာပြီး “Spider-Man” ၊ “X-Men” ၊ “Hulk” နဲ့ “Thor” တို့လို Superhero ဇာတ်ကောင်တွေကို ဖန်တီးနိုင်ပြီး သူလည်းပဲ ကမ္ဘာကျော်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ငယ်ရွယ်တဲ့ အချိန်တွေကို မထင်မရှားနဲ့ ကုန်ဆုံးခဲ့ရတာဖြစ်ပြီး အသက် (၄ဝ) ကျော်မှ လူသိများလာတာပါ။ (၉၅) နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဆိုပေမယ့် Marvel ပရိသတ်တွေက မမေ့နိုင်အောင်ပါပဲ။

(၄) Julia Child

၁၉၁၂ခုနှစ် အမေရိကန်နိုင်ငံ ကယ်လီဖိုနီးယားပြည်နယ် ပါဆာဒီနာမြို့မှာ မွေးဖွားတဲ့ Julia Child ဟာ ၁၉၃၄ခုနှစ်မှာ Smith College ကနေ ဘွဲ့ရခဲ့ပါတယ်။ သူမဟာ Copywriter အနေနဲ့ လုပ်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်လာတော့ Office of Strategic Services (OSS) အဖွဲ့မှာ သုတေသနပညာရှင်အဖြစ် စစ်မှုထမ်းခဲ့သေးတယ်။ စစ်ကြီးပြီးတာနဲ့ ပြင်သစ်မှာ စားဖိုမှူးပညာသင်ယူရင်း ဥရောပတစ်ခွင်ကို လှည့်လည်ခဲ့ပါတယ်။ ၁၉၆ဝခုနှစ်ကျော်မှ ရုပ်သံလိုင်းတွေမှာ ပါဝင်ပြီးမှသာ ကမ္ဘာကျော်ခဲ့တာပါ။ အသက် (၅ဝ) ကျော်တဲ့အထိ လူသိသေးတာ မဟုတ်ပါဘူး။

(၅) Raymond Chandler

၁၈၈၈ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Raymond Chandler ဟာ သူ့ရဲ့ငယ်ရွယ်စဉ်ဘဝကို ချီကာဂိုမြို့မှာပဲ ကုန်ဆုံးခဲ့ပါတယ်။ အထက်တန်းပြီးတဲ့အခါမှာ တက္ကသိုလ်မတက်ဘဲ ဘာသာစကားစွမ်းရည်မြင့်မားအောင်လို့ ပါရီမြို့၊ ဘာလင်မြို့စတဲ့ ဥရောပမြို့တွေမှာ အချိန်ကုန်ခဲ့ပါတယ်။ ပြီးတော့ Daily Express နဲ့ Western Gazette သတင်းစာတွေမှာ ဂျာနယ်လစ်လုပ်ခဲ့ပါသေးတယ်။

၁၉၃၁ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Dabney Oil Syndicate ဆီကုမ္ပဏီမှာ ဒုတိယဥက္ကဌဖြစ်ခဲ့ပါတယ်။ မကြာခင်မှာပဲ အရက်စွဲလာပြီး ရာထူးမှ ထုတ်ပယ်ခံလိုက်ရပါတယ်။ ကမ္ဘာ့စီးပွားရေးကပ်ပျက်မှာ ကြုံတွေ့သမျှတွေကို အသက်သွင်းပြီး “Pulp Fiction” မဂ္ဂဇင်းထုတ်ဝေပြီး ကမ္ဘာကျော်လာခဲ့ပါတယ်။ The Big Sleep (1939) ၊ The Long Goodbye (1953) နဲ့ The Little Sister (1949) စာအုပ်တွေဟာ ထင်ရှားခဲ့ပါတယ်။ ဂန္တဝင်စာရေးဆရာကြီး Raymond Chandler ဟာ (၄၄) နှစ်ရောက်တဲ့အထိ စာမရေးသေးပါဘူး။

ကဲ . . . . ငယ်ရွယ်စဉ်မှာ မအောင်မြင်သေးဘဲနဲ့ အသက်ကြီးခါမှ နာမည်ကျော်တွေရဲ့အကြောင်းတွေပါ။ အောင်မြင်ခြင်းဆိုတာ ဝါသနာနဲ့ ကြိုးစားအားထုတ်မှု ထပ်တူကျမှ ဖြစ်နိုင်တဲ့အနေအထားပါ။ အခုချိန်မှာ ကြိုးစာနေပေမယ့် မအောင်မြင်သေးတာက ကိုယ့်ဝါသနာကို မတွေ့ရှိသေးလို့ပါ။ ဝါသနာကို အချိန်မြန်မြန် ရှာဖွေတွေ့ရှိပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com