ပြီးခဲ့တဲ့အပတ်တုန်းက နိုင်ငံတကာမှာရှိတဲ့ ပွဲတော်တချို့ရဲ့အကြောင်းကို တစ်သက်မှာ တစ်ခါလောက် သွားရောက်လည်ပတ်ဆင်နွဲနိုင်ဖို့ စုစည်းတင်ဆက်ပေးခဲ့ပါတယ်။ အခုတစ်ခါမှာတော့ ထူးခြားတဲ့နေရာကိုမှ သွားရောက်လည်ပတ်ချင်တဲ့သူတွေ၊ နိုင်ငံတစ်နိုင်ငံရဲ့အလေ့အထတွေ၊ ပွဲတော်တွေကို လေ့လာပြီး ပါဝင်ဆင်နွဲချင်တဲ့သူတွေအတွက် ကျန်ရှိနေတဲ့ နာမည်ကြီးပွဲတော်တချို့ရဲ့ အကြောင်းတွေကို ဆက်လက်ဖော်ပြပေးမှာမို့ နိုင်ငံခြားခရီးကို သာမန်နဲ့မတူအောင် သွားချင်သူတွေအတွက် ဒီလိုနေရာလေးတွေကို များများသိထားတော့ ရွေးချယ်စရာပိုများတာပေါ့နော်။ ဒီတစ်ခေါက်ဖော်ပြတဲ့အထဲမှာရော ဘယ်လိုဆန်းဆန်းပြားပြားတွေလုပ်ပြီး ကျင်းပတဲ့ ပွဲတော်လေးတွေ ပါဝင်ဦးမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

စပိန်က ဝိုင်တိုက်ပွဲ

ဝိုင်တိုက်ပွဲဆိုလို့ စိတ်ဝင်စားသွားကြပြီလား။ ဝိုင်တိုက်ပွဲဆိုပြီး ကြားလိုက်တဲ့အခါမှာတော့ ဝိုင်တွေကို မသောက်ကြဘဲနဲ့ တိုက်ပွဲဖြစ်အောင် ဘာလို့ လုပ်နေကြတာလဲဆိုပြီး နှမြောကောင်းလည်း နှမြောနေကြမှာပါနော်။ ကမ္ဘာပေါ်မှာ သောက်စရာတွေကို အကြီးမားဆုံးတိုက်ပွဲဖြစ်အောင် ပြောင်းပြီး ကျင်းပတာကို တွေ့ရတဲ့သူတိုင်းက အံ့သြကြပြီး ဝိုင်ချစ်သူတွေဆိုရင်တော့ အပြေးသွားချင်စိတ်တွေလည်း တဖွားဖွားပေါ်လာနေပြီလို့ ထင်ပါတယ်နော်။ ဒီဝိုင်တိုက်ပွဲကျင်းပတဲ့ ရည်မှန်းချက်ကတော့ အဖြူရောင် ဝတ်ဆင်ထားတဲ့သူတွေအကုန်လုံးပေါ်ကို ဝိုင်ရည်တွေ စွန်းထင်သွားစေချင်တဲ့အတွက်ကြောင့်ပါတဲ့။ အဲ့ဒီဝိုင်တိုက်ပွဲမှာဆိုရင် ဝိုင်နီ ၅၀၀ လီတာလောက်နီးနီးကို အသုံးပြုပြီး အချင်းချင်း အပြန်အလှန် ပက်ဖြန်းကာ ဆင်နွဲကြပါတယ်။ ပျော်တော့ ပျော်စရာကြီးနော် အကျီပေါ်ကို ပက်ဖြန်းတဲ့ဝိုင်တွေ ပါးစပ်ထဲဝင်သွားရင်လည်း စိတ်ပူစရာမလိုဘဲ သောက်လိုက်ရပဲဆိုတော့ ဒီလိုပွဲတော့်မျိုးကိုမှ တစ်ခါလောက် သွားရောက်မဆင်နွဲရင် ဘယ်လို ပွဲတော်မျိုးကို သွားရောက်ဆင်နွဲမလဲလို့။

Battle of Wine

တောင်ကိုရီးယားက ရေသေနတ်ပွဲတော်

မင်္ဂလာဆောင်ကို သူများနဲ့မတူ ဆန်းဆန်းပြားပြားဆောင်ချင်တဲ့ စိတ်ကူးတွေရှိတဲ့သူတွေ တောင်ကိုရီးယားကိုသွားပြီး ရေသေနတ်ပွဲတော်ကိုဆင်နွဲပြီး ဆောင်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ပွဲတော်ဟာ ရေပိုက်ကြီးတွေနဲ့ ပက်တာမျိုးမဟုတ်ဘဲ ကလေးဘဝတုန်းက ဆော့ကစားခဲ့တဲ့ ရေသေနတ်လေးတွေကို ကိုင်ပြီး ဆင်နွဲတာမို့လို့ သတို့သား သတို့သမီးတွေလည်း ရေသေနတ်လေးတွေ ကိုင်ကာ အချင်းချင်း အပြန်အလှန်ပက်ကြပြီး ငယ်ဘဝကအချိန်တွေကို ပြန်အောက်မေ့ တမ်းတလို့ရပါတယ်။ အဲမှာ မင်္ဂလာသွားဆောင်မှ မဟုတ်ပါဘူးနော် ဒီတိုင်းလည်း သွားရောက်ပါဝင်ဆင်နွဲလို့ရလို့ ကလေးဘဝကို ပြန်လည်တမ်းတရင် သွားရောက်ဆင်နွဲကြည့်လို့ ရပါတယ်။ သူတို့ ရေသေနတ်ပွဲတော်ကျင်းပတဲ့အချိန်ကတော့ ဇူလိုင်လဖြစ်လို့ သွားလည်ပြီး ပါဝင်ဆင်နွဲမယ်ဆို မီသေးပါတယ်နော်။

Water Gun Festival

စပိန်က ဂျုံ ၊ ကြက်ဥပွဲတော်

စပိန်နိုင်ငံ Alicante မှာ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလရောက်ရင် ဂျုံ၊ကြက်ဥကိုသုံးပြီး ကျင်းပတဲ့ ပွဲတော်ကို Els Enfarinats ပွဲတော်လို့လည်း ခေါ်ကြပါသေးတယ်။ ဒီပွဲတော်မှာ ပါဝင်ဆင်နွဲတဲ့သူတွေဟာ အုပ်စုနှစ်စုကွဲပါတယ်။ ပထမအုပ်စုမှာပါဝင်တဲ့သူတွေဟာ အိမ်ထောင်ကျပြီးသား အမျိုးသားတွေဖြစ်ပြီး ပွဲတော်ရဲ့ဧရိယာကို ထိန်းချုပ်ခွင့်နဲ့ ကတ်သီးကတ်သတနိုင်တဲ့ စည်းမျဉ်းတွေကို ထုတ်ခွင့်ရရှိတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ သူတို့ ထုတ်ထားတဲ့ စည်းမျဉ်းတွေကို မလိုက်နာတဲ့သူတွေကို လိုက်ကြည့်ပြီး ဒဏ်ကြေးကောက်ပါတယ်။ နောက်တစ်ဖွဲ့ကတော့ ပြန်ပြီးတော့ တိုက်ခိုက်ရတဲ့အဖွဲ့ပါ။ အဲဒီပွဲတော်မှာ ပါဝင်တဲ့သူတွေဟာ အကျီထူ၊ ဘောင်းဘီထူ၊ မျက်နှာအကာတွေ၊ ဘွတ်ဖိနပ်တွေကို ဝတ်ဆင်ပြီး ပါဝင်ဆင်နွဲကြပါတယ်။ ဂျုံတွေလည်း ပစ်ပိုက်ပြီး ၊ ကြက်ဥတွေလည်း ကတ်လိုက်ပစ်ပိုက်ကာ ပါဝင်ဆင်နွဲကြပါတယ်။ အဲဒီပွဲတော်ကနေ စုဆောင်းရရှိလာတဲ့ ငွေတွေကို မရှိဆင်းရဲသားတွေကို ပြန်လည်လှူဒါန်းပါတယ်။ ကုသိုလ်လည်းရ ပျော်လည်း ပျော်ရတဲ့ ပွဲတော်ဖြစ်လို့ တစ်ခါလောက်တော့ စပိန်ကို ရောက်နေရင် ပါဝင်ဆင်နွဲကြည့်သင့်ပါတယ်။

Els Enfarinats

ထိုင်းက မျောက်တွေကို ဘူဖေးကျွေးတဲ့ ပွဲတော်

ထိုင်းလူမျိုးတွေဟာ မျောက်တွေက ကံကောင်းစေတယ်ဆိုပြီး လက်ခံယုံကြည်ထားတာတဲ့အတွက် သူတို့နေထိုင်ရာ နေရာတွေမှာ မျောက်တွေကို မွေးမြူထားကြပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ လာရောက် လည်ပတ်တဲ့ဧည့်သည်တွေ လုပ်ပေမယ့် ပါတီပွဲတွေကို စောင့်မျှော်တတ်ကြပါတယ်။ အဲဒီအချိန်ကြရင် စားပွဲပေါ်မှာ ပေါင် ၄၅,၀၀၀ အလေးချိန်ရှိတဲ့ အသီးအမျိုးမျိုးတွေနဲ့ အချိုပွဲတော်ကို သူတို့တွေ အားရပါးရ စားနိုင်စေဖို့ တည်ခင်းပေးထားပါတယ်။ အဲဒီပွဲတော်ကို ထိုင်းနိုင်ငံရဲ့ Lopburi မှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ထိုင်းနိုင်ငံ Lopburi ကိုအလည်အပတ်ရောက်ဖြစ်ခဲ့လို့ သူတို့ပွဲတော်ကျင်းပနေတဲ့အချိန်နဲ့ ကြုံခဲ့ရင် ကုသိုလ်လည်းရအောင်၊ သူတို့စားတာကြည့်ပြီး ပျော်ရွှင်နိုင်အောင် အစာကျွေးဖြစ်အောင် ဝင်ကျွေးခဲ့ပါနော်။ ဒီပွဲတော်ကျင်းပတဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်ဖို့ အတွက်ပါ။

Monkey Buffet Festival

စကော့တလန်က Golden Retriever ပွဲတော်

Golden Retriever ချစ်တဲ့သူမှန်ရင် ဒီပွဲတော်ကို လက်လွတ်မခံဘဲ သွားရောက်ပါဝင်ဆင်နွဲသင့်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆို ခွေးပေါင်း ၃၆၁ ကောင်အထိ ဒီပွဲတော်ကို လာရောက်ပါဝင်ဆင်နွဲခဲ့ပါတယ်။Golden Retriever တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်နဲ့ တွေ့ရမှာဖြစ်လို့ ကိုယ်ချစ်သူက ခွေးချစ်တဲ့သူဆို ဒီလိုနေရာကို ခေါ်သွားပြီး စပရိုက်လုပ်ပေးလို့လည်း ရပါတယ်။ ၂၀၀၆ ခုနှစ်ကတည်းက ခွေးတွေကို အများကြီးစုပြီး ကျင်းပးခဲ့တဲ့ ပွဲတော်ဖြစ်ပါတယ်။ ခွေးချစ်သူတွေ အနေနဲ့တော့ ဒီလိုနေရာမျိုးတွေသွားနိုင်ဖို့  Bucket List တွေ ရှိကြတယ်မှတ်လား။မရှိသေးရင် ထပ်ပေါင်းထည့်ထားလိုက်နော်။

Golden Retriever Festival

ဒီပွဲတော်တွေအကြောင်းကို ဖတ်ရှုပြီးတဲ့နောက်မှာ ခရီးတွေ အရမ်းသွားချင်နေကြပြီမှတ်လား။ အခုချက်ချင်းတော့ ဒီပွဲတော်တွေရှိတဲ့ နေရာစုံကို မသွားနိုင်ရင်တောင် တစ်နေ့မှာတော့ တစ်နေရာရာကို အရောက်သွားနိုင်မှာမို့ အခုတော့ ဒီစာကို ဖတ်ထားပြီး ခရီးသွားဗဟုသုတတွေ ရှာမှီးထားတယ်လို့ တွေးလိုက်ပါနော်။ ပရိသတ်ကြီးလည်း သွားချင်တဲ့ ခရီးတိုင်းကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ သွားခွင့်ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

H.H(Akhayar)

Reference and Photo Credit: brightside.me

www.akhayar.com