အမြဲတမ်းလိုလို ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေသလို ခံစားနေရပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်တွေအတိုင်း ဆောင်သင့်၊ ရှောင်သင့်တာလေးတွေကို လိုက်နာကျင့်သုံးကြည့်ပါ။

(၁) မနက်စာပုံမှန်စားပါ

မနက်စာကို ပုံမှန်မစားသုံးသူတွေက အလိုလိုပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ မနက်စာက လူတစ်ယောက်အတွက် အရေးကြီးပါတယ်။ တစ်နေ့တာ ခွန်အားပြည့်ဝနေစေဖို့ အာဟာရပြည့်ဝတဲ့ မနက်စာကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

(၂) ရေများများသောက်ပါ

တစ်ခါတစ်ရံမှာ ဘာအကြောင်းမှမရှိဘဲ အလိုလိုပင်ပန်းနွမ်းနယ်နေတတ်ပါသေးတယ်။ ဒါဟာ ခန္ဓာကိုယ်တွင်းက ရေဓာတ်ခမ်းခြောက်မှု လက္ခဏာတစ်ရပ်ပါပဲ။ ဒါ့ကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ဟန့်တားဖို့အတွက် ရေများများသောက်သုံးသင့်ပါတယ်။

(၃) အာဟာရဖြစ်စေတဲ့ အစားအစာများကို စားသုံးပါ

နေ့ရက်တိုင်းလိုလို ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေတယ်ဆိုရင်တော့ နေ့စဉ်စားသောက်မှုပုံစံကိုလည်း လေ့လာဆန်းစစ်ဖို့ လိုနေပါပြီ။ အာဟာရဖြစ်တဲ့ အစားအစာများကို လုံလောက်စွာ မစားသုံးခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အာဟာရဖြစ်စေတဲ့ အစားအစာများကိုလည်း နေ့စဉ်စားသုံးနေပါလျက်နဲ့ နေ့ရက်တိုင်း တက်ကြွမှုမရှိနေဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ဖြည့်စွက်အားဆေးများ မှီဝဲသင့်ပါတယ်။

(၄) အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝတဲ့အခါမှာလည်း လူက ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီ အိပ်စက်အနားယူသင့်ပါတယ်။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်တွင်းက အားအင်များ ဆုတ်ယုတ်သွားပြီး ပင်ပန်းနွမ်းနယ်လာတာပါ။ ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ဖို့ တိုက်တွန်းပါရစေ။

(၅) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လှုပ်လှုပ်ရှားရှားမရှိတဲ့သူကလည်း တက်ကြွလန်းဆန်းခြင်း မရှိနိုင်ပါဘူး။ လေ့ကျင့်ခန်းပြုလုပ်ပေးတဲ့အခါမှာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကောင်းမွန်လာပြီး လန်းဆန်းတက်ကြွလာစေတာကြောင့် ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေမှာပါ။

www.akhayar.com