အားကစားလုပ်တယ်ဆိုတာ အမှန်တကယ်မှာတော့ အရမ်းကိုကောင်းတဲ့ အလေ့အကျင့်ပါပဲ။ တချို့အားကစားနည်းတွေဆိုရင် အရမ်းခက်ခဲပြီး ပြင်းထန်လွန်းပေမယ့် လူကြိုက်အရမ်းများကြတယ်။ လူတွေက အန္တရာယ်လက်တစ်ကမ်းအလိုမှာလှုပ်ရှားရင်း Adernalineတွတက်လာပြီး ရင်ခုန်ရတာကို အရမ်းသဘောတွေ့တယ်လေ။ ဒီလိုပြင်းထန်တဲ့အားကစားနည်းတွေကို အန္တရာယ်ကင်းကင်းလုပ်လို့ရပေမယ့် ခြွင်းချက်တွေဆိုတာ အမြဲရှိတာပဲလေ။ ပိုပြင်းထန်ပြီးခက်ခဲတဲ့အားကစားနည်းကို လိုက်စားလေလေ ပိုပြီးရင်ခုန်စိတ်လှုပ်ရှားရလေဆိုပေမယ့် အန္တရာယ်ဖြစ်နိုင်ခြေလည်း ပိုများလေလေပဲ။ ဒီတော့အန္တရာယ်အများဆုံး အားကစားနည်းတွေက ဘာတွေဖြစ်နိုင်မယ်ထင်လဲ။ အခုပြောမယ့် အားကစားနည်းတွေထဲမှာ အန္တရာယ်များမယ်လို့ မထင်ထားခဲ့တဲ့နည်းတွေပါ ပါပါတယ်။

Big Wave Surfing

ပုံမှန်လှိုင်းစီးတာတွေကိုရုပ်ရှင်တွေထဲမှာတွေ့နေမြင်နေကျမို့လို့ ဒီအားကစားနည်းက အန္တရာယ်များတယ်လို့ ထင်ခဲ့မှာမဟုတ်လောက်ပါဘူး။ ဒါပေမယ့်အခုပြောနေတာက ပုံမှန်လှိုင်းစီးတာမဟုတ်ပါဘူး။ Big Wave (လှိုင်းအကြီးကြီး) တွေဆိုတာ အနည်းဆုံး ပေ ၂ဝ လောက်မြင့်တယ်။ ဒီအားကစားနည်းမှာ ကိုယ်တွေမထင်ထားတဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။

ပထမဆုံးပြောရရင် ဒီလှိုင်းကြီးတွေက အရမ်းကိုအားကောင်းတယ်။ လှိုင်းအကြီးကြီးစီးရင်း Surfboard ပေါ်ကနေပြုတ်ကျရင် လှိုင်းစီးနေတဲ့သူက ရေအောက်ပေ ၂ဝ ကနေ ပေ ၅ဝ လောက်ထိကို မြှုပ်သွားနိုင်တယ်။ ဒါ့အပြင် ဒီလောက်ကြီးတဲ့လှိုင်းထဲကိုဝင်စီးရင် Surfboard က ဟန်ပျက်ပြီး အနေအထားမှန်မှန်ပြန်ရောက်အောင်လုပ်ဖို့ ခဲယဉ်းတယ်။ ဒီလိုလှိုင်းအကြီးကြီးထဲကို Surfboard ဝင်စီးတဲ့အခါမှာလည်း နောက်လှိုင်းတစ်လှိုင်းမလာခင် ရေမျက်နှာပြင်ပေါ်ပြန်ရောက်ဖို့ အမြန်စီးရတယ်။ လှိုင်းတစ်လှိုင်းနဲ့တစ်လှိုင်းကြားမှာကလည်း စက္ကန့် ၂ဝ လောက်ပဲကွာတယ်။ ဒါကြောင့်လှိုင်းစီးတဲ့လူတွေအတွက် လှိုင်းကြီးတွေက တကယ့်စိန်ခေါ်မှုကြီးတွေပဲ။ လှိုင်းအကြီးကြီးတစ်ခုကို အောင်အောင်မြင်မြင်စီးနိုင်ဖို့တောင်မှ အရမ်းခက်ခဲပါတယ်။ လှိုင်းအကြီးကြီးသုံးခုလောက်စီးနိုင်တယ်ဆိုတာမျိုးဆိုရင် ကြားကိုမကြားဖူးတာပါ။

ဒီကစားနည်းရဲ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အချက်က ရေနစ်တာပါ။ ဘယ်လောက်ရေကူးကျွမ်းပါတယ်ပြောပြော ပေ ၂ဝ ပေ ၅ဝ အနက်ကနေ ပြန်တက်ဖို့က မလွယ်ပါဘူး။ စက္ကန့် ၂ဝ တိုင်းမှာ လှိုင်းတွေတစ်ခုပြီးတစ်ခုလာနေတော့ ကိုယ်ကရေမျက်နှာပြင်ပေါ်ပြန်တက်ဖို့ ကြိုးစားတိုင်းရေအောက်ကို ပြန်ပုတ်ချတာကို ခံနေရမှာမို့လို့ပါ။ ရေနစ်တာအပြင် နောက်ထပ်အသက်အန္တရာယ်ဖြစ်စေနိုင်တာက ပင်လယ်ရေအောက်က မျက်နှာပြင်ပေါ့။ အောက်မှာကဘာတွေရှိနိုင်မလဲမပြောတတ်ဘူးလေ။ သဲဖြစ်ချင်ဖြစ်မယ် ၊ မဟုတ်ရင် ကျောက်တုံးတွေ ၊ ကျောက်ဆောင်တွေရှိနေရင် ရေလှိုင်းစီးတဲ့သူရေအောက်မြှုပ်လို့ ရိုက်မိသွားရင် မသက်သာပါဘူး။ တစ်ခါတည်း သွေးထွက်လွန်ပြီး သေရင်တောင်သေသွားနိုင်တယ်။ အသက်မဆုံးရှုံးရင်တောင် အနည်းဆုံး ကျောက်ဆောင်တွေနဲ့တိုက်မိပြီး ဒဏ်ရာတွေရလို့ ပိုးတွေဝင်နိုင်ပါတယ်။

Street Luging

Street Luging ဆိုတဲ့ အရှိန်ကိုဦးစားပေးတဲ့ ကစားနည်းက ရိုးရှင်းတယ်လို့ထင်ရပေမယ့် အန္တရာယ်အရမ်းများပါတယ်။ ဒီကစားနည်းက Skateboard စီးတဲ့သူတွေက စကိတ်ပေါ်မှာလှဲပြီးသွားရင် ပိုမြန်တယ်ဆိုတာကို သိပြီးနောက်ပိုင်းမှာ စပြီးပေါ်ပေါက်လာတာပါ။ နောက်ပိုင်းမှာ Street Luging ဆိုပြီးတော့ အားကစားနည်းတစ်ခုဖြစ်လာပြီး Boards တွေကိုလည်း Luging အတွက် မွမ်းမံပြီးထုတ်လာကြတယ်။ ဘရိတ်မပါတဲ့ Board တွေပေါ့။

စကိတ်ပေါ်မှာလှဲပြီးသွားတဲ့အခါ ဘာလို့ပိုမြန်တာလဲဆိုတော့ ခန္ဓာကိုယ်ကလှဲနေတာမို့လို့ လေရဲ့တွန်းကန်ခြင်းကို မခံရလို့ပါ။ ဒါပေမယ့် စီးတဲ့သူကမြေပြင်နဲ့အရမ်းနီးနေတာဆိုတော့ ဒီတိုင်းထိန်းပြီးစီးနေရင်းတောင် လမ်းနဲ့ထိမိခိုက်မိနိုင်တယ်။ တွေးကြည့်ကြည့်ပါ။ တစ်နာရီကို မိုင် ၈ဝ နှုန်းနဲ့သွားနေတဲ့အချိန်မှာ ကိုယ့်ရဲ့တံတောင်ဆစ်နဲ့ လမ်းနဲ့ပွတ်မိရင် ဘာဖြစ်သွားမလဲ။ အခန့်မသင့်ရဲ့ မှောက်တောင်သွားနိုင်တယ်။ ဖြစ်လာမယ့် ထိခိုက်ဒဏ်ရာရနိုင်ခြေကလည်း တွေးကြည့်တာနဲ့ ပြင်းထန်မှန်းသိပါတယ်။

ထိခိုက်ဒဏ်ရာရမှာကို သက်သာစေဖို့အတွက် ခေါင်းဆောင်းတွေ ၊ တံတောင်ကာတွေ ၊ ဒူးကာတွေတပ်လို့ရပေမယ့် ဒါတွေပါရင်အရှိန်နှေးတယ်လို့ ခံစားရလို့ ကစားသမားတွေက မတပ်ကြတာများပါတယ်။ Street Luging မှာ အဖြစ်အများဆုံး ဒဏ်ရာတွေကတော့ ပွန်းပဲ့တာတွေ ၊ အရိုးကျိုးတာတွေ ၊ အဆစ်လွဲတာတွေဖြစ်ပေမယ့် မသေကြေနိုင်ဘူးလို့ ပြောလို့မရပါဘူး။ ပြီးတော့ ဒီအားကစားလုပ်တဲ့နေရာကလည်း လမ်းရှင်းထားတဲ့လမ်းတွေမှာပဲ လုပ်တာမဟုတ်ပါဘူး။ ကားတွေသွားနေတဲ့လမ်းမှာပဲ လုပ်တာမို့လို့ မတိုက်မိအောင်လည်းရှောင်ရပါသေးတယ်။

Cave Diving

Cave Diving က အရမ်းရင်ခုန်ဖို့ကောင်းပြီး စိတ်လှုပ်ရှားဖို့ မကောင်းဘူးလို့ ထင်ရပေမယ့် ဒီအားကစားနည်းကိုလည်း လူတွေတော်တော်ကြိုက်ကြပါတယ်။ ဒါပေမယ့် Cave Diving က အသက်အန္တရာယ်အရမ်းစိုးရိမ်ရတဲ့ ကစားနည်းဆိုတာ မပြောရင်တောင်ခန့်မှန်းကြည့်လို့ရပါတယ်။ ဒီလိုတွေးကြည့်ကြည့် – ကိုယ်ကပင်လယ်ရေအောက် ပေ ၁ဝဝ လောက်အနက်မှာရောက်နေပြီ။ ပြီးတော့ ဂူတစ်ခုထဲမှာရောက်နေတယ်။ တစ်ချက်ကလေးမှားလိုက်တာနဲ့ ရေမျက်နှာပြင်ပေါ်ကို ရော့အင့်ဆိုပြီးပြန်ကူးသွားလို့မရဘူး။ လာလမ်းအတိုင်းပြန်ထွက်ရမှာ။

Cave Diving လုပ်တဲ့အခါမှာ လမ်းပျောက်တာတွေ ၊ လေမလောက်တော့တာတွေ ၊ ပိတ်မိသွားတာတွေ ၊ အမှောင်ထဲမှာဆောက်တည်ရာမရဖြစ်တာတွေနဲ့ ရေအောက်ရေစီးကြောင်းတွေနဲ့ ကြုံရတာတွေဖြစ်တတ်တယ်။ Cave Diver တွေက သာမန်ရေငုတ်သမားတွေထက် နှစ်ဆပိုပြင်ဆင်ရတယ်။ အောက်ဆီဂျင်ဗူးဆိုနှစ်ဗူး ၊ ကွန်ပျုတာ ၊ မီး ၊ အသက်အန္တရာယ်အတွက်အရေးပေါ်ကြိုးတွေဘာတွေ ယူသွားရတယ်။ Cave Diving လုပ်ပြီးသေတဲ့ ၉၅ % လောက်က သေချာမလေ့ကျင့်ထားတာတွေရယ် ၊ ကိုယ်တတ်နိုင်တာထက် ပိုလုပ်တာတွေရယ်ကြောင့် ဖြစ်တာဖြစ်တယ်။ အကြမ်းပြောရရင် တစ်နှစ်မှာ Cave Diver ၁ဝ ယောက်လောက်ကတော့ အသက်ဆုံးရှုံးကြရတယ်။ ၁ဝ ယောက်ဆိုပြီး အသက်ဆုံးရှုံးတဲ့သူ အဲဒီလောက်မများပါဘူးလေလို့ ထင်ရပေမယ့် ကမ္ဘာပေါ်မှာ Cave Diver တွေကလည်း အဲဒီလောက်မှမများဘဲ။

Free Solo Climbing

ဒီနောက်ပိုင်းမှာ ကျောက်တောင်တက်တာတွေက အရမ်းခေတ်စားလာခဲ့တယ်။ ဒါပေမယ့် ယေဘုယျတောင်တက်သမားတွေက ကျောက်တောင်တွယ်တက်တဲ့အခါမှာ အသက်ကယ်ကြိုးသုံးတယ်။ ဒါပေမယ့် Free Solo Climber တွေက ဘာအသက်ကယ်ပစ္စည်းမှမသုံးဘဲ ကျောက်တောင်တွေကို တွယ်တက်ကြတယ်။

Free Solo Climbing မှာ သေရတဲ့အကြောင်းပြချက်ကတော့ တောင်ပေါ်ကနေပြုတ်ကျတာကြောင့်ပေါ့။ ဒါပေမယ့် ကျွမ်းကျင်လွန်းတဲ့တောင်တက်သမားဆိုရင်တောင် အကြောင်းပြချက်အမျိုးမျိုးကြောင့် ကျောက်တောင်ပေါ်ကပြုတ်ကျပါတယ်။ ဘယ်လောက်တော်ပါတယ်ပြောပြော ရာသီဥတုအခြေအနေတွေ ၊ ကျောက်တုံးတွေမခိုင်တာတွေကို ကြိုပြီးမသိနိုင်ဘူးလေ။ ဒါကြောင့် Free Climber တွေကတောင် ဒီအားကစားကအန္တရာယ်များလွန်းလို့ သူတို့လုပ်သလို လိုက်မလုပ်ဖို့ပြောတာတွေရှိပါတယ်။

Base Jumping

Base Jumping က အသက်အန္တရာယ်အများဆုံး အားကစားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်။ Base Jumping က ၁၉၇၈ တည်းက စပြီးတော့လူသိများလာတာပါ။ Base Jumping ဆိုတာက အဆောက်အအုံတစ်ခုခုပေါ်ကဖြစ်ဖြစ် ၊ တောင်စောင်းတစ်ခုပေါ်ကဖြစ်ဖြစ် ၊ တံတားတွေပေါ်ကနေဖြစ်ဖြစ် လေထီးအိတ်/ Wing Suit စီးပြီးခုန်ချရတဲ့ အားကစားနည်းမျိုးပါ။ ဒီအားကစားက အမြင့်ကြီးကနေခုန်ချရတာဖြစ်လို့ အရှိန်အရမ်းပြင်းပြီး လေထီးကိုဖွင့်ရမယ့်အချိန်မှာ မဖွင့်မိရင် ကမ္ဘာမြေကြီးနဲ့ခေါင်းဆောင့်ပြီး ဝိညာဉ်ထွက်သွားမှာပါ။ လုံးဝအမှားအယွင်းရှိလို့မရတဲ့ အားကစားနည်းပေါ့။ ဘယ်လောက်တောင်အန္တရာယ်များလဲဆိုရင် Base Jumping ကို နိုင်ငံတိုင်းက တရားဝင်ပြုလုပ်ခွင့်မပေးပါဘူး။ ဒါကြောင့် Pro Base Jumper တွေတောင်မှ သူတို့ခုန်တဲ့အခါ တိတ်တဆိတ်ပဲခုန်ကြတာများပါတယ်။

ပရိသတ်ကြီးတို့သိတဲ့အထဲမှာရော ဘယ်အားကစားနည်းတွေက ကြောက်ဖို့ကောင်းတယ်ထင်လဲ။ အခုကိုယ်ပြောတဲ့အားကစားနည်းတွေက အသက်အန္တရာယ်များတယ်ဆိုတာကိုရော လက်ခံကြလား။

Source: The Fact Site

Piki (Akhayar)

www.akhayar.com