နာမည်ကျော် Stylist လည်းဖြစ်ပြီး စာရေးဆရာလည်းဖြစ်သူ David Zyla က အဝတ်ဘီဒိုထဲမှာ အရောင်အနုအရင့်တွေနဲ့ ကွဲပြားခြားနားတဲ့ အရောင်တွေရှိတဲ့ အဝတ်အစားတွေကို ဝယ်ပြီး ဖြည့်ထားမယ်ဆိုရင် ကောင်းမွန်တဲ့ အသွင်အပြင်ကို အလွယ်တကူဖန်တီးနိုင်ပြီး ဝတ်ဆင်သူကိုလည်း သက်သောင့်သက်သာပိုရှိစေသလို ယုံကြည်မှုလည်း တိုးစေပါတယ်ဆိုပြီး ပြောဖူးပါတယ်။ အဲဒီလို ဝယ်စုထားတဲ့အထဲမှာမှ အများဆုံးဝယ်စုလေ့ရှိတဲ့ အရောင်က ဝယ်စုတဲ့သူရဲ့ အကျင့်စရိုက်လက္ခဏာတွေနဲ့ အမူအကျင့်တွေကို ထင်ဟပ်စေပါတယ်။ ဘယ်လိုအရောင်တွေကို ဝယ်စုတဲ့သူတွေဟာ ဘယ်လိုအကျင့်စရိုက်တွေရှိလဲဆိုတာကို သေသေချာချာလေးသိထားတော့ အဲ့လူနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံလို့ရသလို လူကဲခေတ်ရလည်း အရမ်းကြီး မခက်တော့ဘူးပေါ့။ အဲ့ဒါဆိုရင် ဘယ်အရောင်တွေ ကြိုက်တဲ့လူက ဘယ်လိုလူမျိုးတွေလဲဆိုတာ ကြည့်လိုက်ကြရအာင်။

အနက်ရောင်

ဖက်ရှင်ဂုရု Karen Haller ရဲ့ ပြောကြားချက်အရဆိုရင် အနက်ရောင်က အလေးအနက်ရှိတာကို ရည်ညွှန်းပါတယ်တဲ့။ စိတ်ပညာလေ့လာမှုတွေအရဆိုရင်လည်း အနက်ရောင်ဟာ ဂုဏ်သိက္ခာကြီးမားမှု ၊ အင်အားရှိမှု ၊ အလေးအနက်ထားမှု နဲ့ ဥာဏ်ကောင်းမှုတွေကို ဖော်ဆောင်ပါတယ်ဆိုပြီး လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်မို့ ဥရောပတက္ကသိုလ် တော်တော်များများမှာ ဘွဲ့နှင်းသဘင်ဝတ်ရုံကို အနက်ရောင်ထားကြတာ ဖြစ်ပါတယ်။

Black
အနက်ရောင်ကို အများဆုံး ရွေးချယ်ဝတ်ဆင်တဲ့သူတွေကလည်း စိတ်ပိုင်းဖြတ်ပြီး ရည်ရွယ်ချက်တွေကို လုပ်ဆောင်တတ်သူ၊ အထိခိုက်မခံတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အလွယ်တကူ စိတ်လှုပ်ရှားခံစားတတ်ပေမယ့် ပြောင်းလဲသွားတဲ့ စိတ်အခြေအနေကိုလည်း လူမသိအောင် အလျင်အမြန် ဖုံးဖိတတ်သူတွေ ဖြစ်ကြပါတယ်။

အညိုရောင်

အညိုရောင်ကတော့ ကမ္ဘာမြေကြီးရဲ့ အရောင်ဖြစ်ပြီး ယုံကြည်စိတ်ချရမှု၊ ကြံ့ခိုင်မှုနဲ့ တည်ငြိမ်မှုတွေကို ဖော်ညွှန်းတဲ့ အရောင် ဖြစ်ပါတယ်။ အညိုရောင်ကိုဝတ်ဆင်ရတာ ကြိုက်နှစ်သက်တဲ့သူတွေက ရှေးရိုးစွဲတတ်ကြသူတွေဖြစ်ပြီး ကိုယ်ထက်ကြီးတဲ့သူတွေကို လေးစားမှုထားပြီး ရိုရိုသေသေဆက်ဆံတတ်ကြသူတွေပါ။ ဒီအရောင်တွေကို ရွေးဝတ်တဲ့သူတွေဟာ အရာရာတိုင်းမှာ တည်ငြိမ်ပြီး တက်တက်ကြွကြွ နေတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေ အညိုရောင်ဝတ်စုံဝတ်ထားပြီး အမျိုးသားတွေ အညိုရောင် Jacket တွေ ဝတ်ထားတာဟာ တစ်ဖက်လူဆီကနေ ယုံကြည်မှုရရှိအောင် လုပ်ချင်တာကြောင့်ဖြစ်ပြီး တစ်ဖက်လူရဲ့ အမြင်မှာ ဥာဏ်ကောင်းတယ်လို့ အထင်ခံရချင်ပြီး ဆင်ခြင်တုံတရားရှိတဲ့လူလို့လည်း မြင်စေချင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Brown

အပြာရောင်

သတင်းစာဆရာလည်းဖြစ်ပြီး စိတ်ပညာရှင်လည်းဖြစ်တဲ့ Lisa Johnson Mandell က အပြာရောင်ဟာ အင်တာဗျုးဖြေတဲ့အခါမျိုးမှာ ရွေးချယ်ဝတ်ဆင်လို့ အကောင်းဆုံး အရောင်ဖြစ်ပါတယ်လို့ ရေးဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့အရောင်ကို ရွေးချယ်ဝတ်ဆင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတဲ့ အသွင်ပေါ်နေပြီး ယုံကြည်အားထားလို့ရပါတယ်ဆိုပြီး ဖော်ညွှန်းနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ယူနီဖောင်းတော်တော်များများနဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ Suit တွေ အပြာရောင် ဖြစ်နေရတာ ဒီအဓိပ္ပာယ်ကို ဖော်ညွှန်းပြီး ထားရှိထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Blue
University of British Columbia က သိပ္ပံပညာရှင်တွေက အရောင်ရဲ့လွှမ်းမိုမှုနဲ့ ပတ်သက်ပြီး လေ့လာတဲ့အခါ အပြာရင့်ရောင်မှာ တည်ငြိမ်စေတဲ့ ဂုဏ်သတ္တိရှိတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အပြာရောင်ကို ဝတ်ရတာ ကြိုက်နှစ်သက်သူတွေဟာ ဥာဏ်ကောင်းတဲ့သူတွေ ဖြစ်ကြပြီး ယုံကြည်လို့လည်းရကာ အေးချမ်းတည်ငြိမ်တဲ့သူတွေ ဖြစ်ကြပါတယ်။ စိတ်ပညာရှင်တွေ ပြောကြားချက်နောက်တစ်ခုကတော့ အပြာရောင်ကို ခုံခုံမင်မင်ဝတ်တဲ့သူတွေဟာ ချီးကျူးလောက်စရာ မိဘတွေ ဖြစ်လာနိုင်သလို စံထားရတဲ့ ဝန်ထမ်းတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်ပတ်ဝန်းကျင်မှာ အပြာဝတ်တဲ့သူတွေဟာ အဲ့လိုဖြစ်ကြလား တစ်ချက်ကြည့်ကြည့်လိုက်ဦးနော်။

အစိမ်းရောင်

University of Amsterdam က သိပ္ပံပညာရှင်တွေ လေ့လာချက်အရ အစိမ်းရောင်ဟာ ကိုယ်နဲ့ ကိုယ်ရဲ့ပတ်ဝန်းကျင်ကို ကောင်းမွန်စေတယ်ဆိုပြီး ဖော်ပြထားပါတယ်။ More Alive With Color စာအုပ်ကို ရေးသားသူလည်းဖြစ်ပြီး Pantone Color Institute ရဲ့ Executive Director လည်းဖြစ်သူ Leatrice Eiseman ပြောကြားတာကတော့ အစိမ်းရောင်ရဲ့သာယာငြိမ်းချမ်းတဲ့ ဝိသေသဟာ သဘာဝကြီးကနဲ့လာတာမျိုးဖြစ်ပြီး အေးချမ်းမှုကို အဓိကဖော်ဆောင်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိမ်းရောင်ဝတ်ရတာ ကြိုက်နှစ်သက်တဲ့သူတွေဟာ တက်ကြွသူတွေ၊ လူနေမှုဘဝကို ဦးဆောင်လမ်းပြသူ၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တတ်ပြီး ငွေကြေးတည်ငြိမ်သူတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် အစိမ်းရောင်ခုံခုံမင်မင်ဝတ်ဆင်သူတွေဟာ ကြင်နာဂရုစိုက်တတ်ပြီး နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေလည်း ဖြစ်ကြပါတယ်။

Greeen

 

 

ခရမ်းရောင်

အရင်ခေတ်တုန်းကဆို ခရမ်းရောင်ဟာ တော်ဝင်ဆန်ပြီး မြင့်မားတဲ့ လူနေမှုဘဝကို ကိုယ်စားပြုပါတယ်။ ခေတ်မီပြီး၊ ကြွယ်ဝချမ်းသာ Luxury ကျတာကို ဖော်ညွှန်းချင်ရင် ခရမ်းရောင်ကိုသာ ရွေးဝတ်လိုက်ပါ။ တချိန်တုန်းက အလှနတ်သမီး Cleopatra ဟာ ခရမ်းရောင်ကို အရမ်းကြိုက်ခဲ့တဲ့သူဖြစ်တယ်ဆိုပြီး ကျော်ကြားခဲ့ဖူးပါသေးတယ်။ အဲဒီခေတ်တုန်းကတော့ ခရမ်းရောင်ဟာ ဒိတ်ဒိတ်ကြဲ ကြွယ်ဝချမ်းသာတဲ့သူတွေမှသာ ဝတ်နိုင်ခဲ့တဲ့ အရောင်ပေါ့နော်။ ယနေ့ခေတ် ခရမ်းရောင်ဝတ်တဲ့သူတွေကတော့ တီထွင်ဖန်တီးနိုင်မှုရှိတဲ့သူ၊ ထိုးထွင်းသိမြင်သူနဲ့ အနုပညာကို ချစ်မြတ်နိုးသူတွေ ဖြစ်ကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရဆိုရင်လည်း ခရမ်းရောင်ဝတ်တဲ့သူတွေဟာ စိတ်ခံစားမှု အပြောင်းအလဲ မြန်တဲ့သူတွေ ဖြစ်ပြီး ထိခိုက်လွယ်တဲ့သူတွေ ဖြစ်ကြပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ဟာ ခန့်မှန်းရခက်ပြီး ပြဿနာတွေ ဖြစ်လို့ ညှိနှိုင်းမယ်ဆိုရင်လည်း ညှိုနှိုင်းရခက်တဲ့သူတွေ ဖြစ်ကြပါတယ်။

Purple

အနီရောင်

အနီရောင်ရဲ့ အဓိပ္ပာယ်ကတော့ စိတ်အားထက်သန်မှုနဲ့ အာဏာရှိမှုကို ဖော်ညွှန်းပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အထင်ကြီးလေးစားမှုကို ရယူချင်ရင် တခြားအရောင်တွေကို မဝတ်ဘဲ အနီကိုသာ ရဲရဲကြီး ရွေးချယ်ဝတ်ဆင်လိုက်ပါလို့ Eredi Pisano. အီတလီ အမျိုးသားဝက် Brand ရဲ့ မန်နေဂျာဖြစ်သူ Kenny Frimpong က ပြောကြားပါတယ်။ အနီရောင်ဝတ်ဆင်ထားတဲ့သူဟာ အမှန်မှာလည်း လူတွေရဲ့ အာရုံစိုက်မှုကို အများဆုံးခံကြရပါတယ်။ အနီရောင်ဝတ်ရတာ ကြိုက်နှစ်သက်သူကတော့ တက်ကြွသူ ၊ ပြောင်းလဲလွယ်သူ၊ စိတ်လှုပ်ရှားလွယ်သူ ဖြစ်ပါတယ်။ အနီရောင်မကြာခဏဝတ်တဲ့သူတွေဟာ တော်ပြီး ထက်မြက်ကြသလို အလွယ်တကူစိတ်လှုပ်ရှားလွယ်ကာ ကိုယ်အားကိုယ့်ကိုယ်တက်ကြသူတွေ ဖြစ်ကြပါတယ်။

Red
ဒီတစ်ပတ်မှာတော့ အရောင်တချို့ရဲ့အဓိပ္ပါယ်နဲ့ အဲဒီအရောင်လေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေဟာ ဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ နောက်အပတ်မှာတော့ ကျန်ရှိနေတဲ့ အရောင်တချို့ရဲ့ အဓိပ္ပါယ်နဲ့ အဲ့အရောင်ကြိုက်တဲ့သူတွေရဲ့ စိတ်နေစိတ်ထားကို ဆက်လက်ဖော်ပြပေးဦးမှာမို့ ဘယ်အရောင်ကြိုက်တဲ့သူတွေဟာ ဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို စာရေးသူနဲ့အတူ ကြိုပုံဖော်ကြည့်ထားကြရအောင်။

Photo Credit: IndiaTVJacket Treasuresgeneralcounsellaw.com, eonline.com

www.akhayar.com