This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Zawgyi]

အင်္ဂလန်အသင်းအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့လို့ ဖီဖာရဲ့ ရှုတ်ချခြင်းကို ခံနေရတဲ့ ဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာ

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ကိုလံဘီယာအသင်းတို့ရဲ့ ပွဲစဉ်အပြီး အင်္ဂလန်အသင်းအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့တဲ့ အာဂျင်တီးနား ဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာ Maradona ကို ဖီဖာက ရှုတ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားနိုင်ငံရဲ့ ရုပ်သံမီဒီယာတစ်ခုဖြစ်တဲ့ Telesur နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ကိုလံဘီယာအသင်းရဲ့ အနိုင်ရလဒ်ကို အင်္ဂလန်တို့ ခိုးယူသွားခဲ့တာဖြစ်တယ်လို့ မာရာဒိုနာ Maradona က ပြောကြားခဲ့တာဖြစ်ပါတယ်။ မာရာဒိုနာ Maradona က “ကြီးမားတဲ့ ခိုးယူမှုကြီး တစ်ခုကို ကျွန်တော်မြင်တွေ့ခဲ့ရတယ်၊ ကိုလံဘီယာနိုင်ငံသားတွေ အားလုံးကို ကျွန်တော် တောင်းဆိုချင်တာက ကစားသမားတွေ အပြစ်တင်စရာမရှိဘူးဆိုတာ သူတို့သိဖို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ အင်္ဂလန်နဲ့ ကိုလံဘီယာတို့ ကစားခဲ့တဲ့ ရှုံးထွက်ပွဲစဉ်မှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ အမေရိကန်ဒိုင်လူကြီး မက်ခ်ဂိုင်ဂါ Mark Geiger ကိုလည်း မာရာဒိုနာ Maradona ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

2018-World-Cup-ambassador-Diego-Maradona

2018-World-Cup-ambassador-Diego-Maradona

မာရာဒိုနာ Maradona က “ဒီပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်က ဘေ့စ်ဘောအကြောင်းတွေကိုပဲ သိထားပုံရတယ်၊ သူ့မှာ ဘောလုံးနဲ့ ပတ်သက်တဲ့ အမြင်မရှိပါဘူး၊ ကိုလံဘီယာ ကစားသမားတွေက VAR စနစ်ကို အသုံးပြုဖို့ ပြောခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး၊ ပယ်နယ်တီဖြစ်ရပ်မတိုင်ခင် အင်္ဂလန်ကစားသမားတွေဟာ (၂)ကြိမ်လောက် ကိုလံဘီယာကစားသမားတွေကို ဆွဲချခဲ့ပေမယ့် သူတို့အပေါ် အရေးမယူခဲ့ဘူး၊ ဒါဟာ ကိုလံဘီယာရဲ့ အနိုင်ရလဒ်ကို ခိုးယူသွားတာပါပဲ” လို့ ကွင်းလယ်ဒိုင် ဂိုင်ဂါ Geiger အပေါ် ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ မာရာဒိုနာ Maradona ဟာ သံတမန်အဖြစ် ဆောင်ရွက်ပေးရတဲ့ ပွဲစဉ်တစ်ပွဲကို ပေါင် (၁)သောင်းအထိ ရရှိနေတာဖြစ်ပါတယ်။ ဖီဖာကတော့ မာရာဒိုနာ Maradona ရဲ့ အပြုအမူတွေဟာ သံတမန်တစ်ဦးအနေနဲ့ လုံးဝမသင့်လျော်သလို အခြေအမြစ်မရှိတဲ့ ပြောဆိုမှုတွေဖြစ်တယ်လို့ ရှုတ်ချခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မာရာဒိုနာ Maradona ဟာ အခြေအမြစ်မရှိတဲ့ လုပ်ရပ်တွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းကစားခဲ့တဲ့ ပွဲစဉ်တွေကို ဖီဖာရဲ့ အထူးဧည့်သည်တော်တစ်ဦးအနေနဲ့ တက်ရောက်ကြည့်ရှုခဲ့တဲ့ မာရာဒိုနာ Maradona ဟာ အိုက်စလန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ တောင်ကိုရီးယားလူမျိုးတွေကို လက်ဟန်အမူအယာနဲ့ လူမျိုးရေးခွဲခြားတဲ့ ပုံစံဖော်ပြခဲ့သလို နိုင်ဂျီးရီးယားနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း အာဂျင်တီးနားအသင်း အနိုင်ဂိုးသွင်းယူပြီးချိန်မှာ လက်ခလယ်ထောင်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မာရာဒိုနာ Maradona ဟာ သူ့ရဲ့လုပ်ရပ်တွေအတွက် ပရိသတ်တွေကို ပြန်လည်တောင်းပန်ခဲ့ပြီး ရက်ပိုင်းအနည်းငယ်အကြာမှာပဲ အင်္ဂလန်အသင်းနဲ့ အမေရိကန်ကွင်းလယ်ဒိုင်တို့အပေါ် ပြင်းထန်စွာဝေဖန်ခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:VidMid, Boston Herald
Aung Kyaw Wai (Akhayar)
www.akhayar.com