“ဟေ့ သမီးရေ မောင်ထွဋ်ခေါင် ရောက်လာတယ် ကော်ဖီဖျော်ခဲ့ပါဦးကွယ်”

“သမီး နေမကောင်းဘူး ဖျားနေတယ် မေမေ”

“အဲဒါသာ ကြည့်တော့ မောင်ထွဋ်ခေါင်ရေ မင်းညီမက အခုချိန်ထိ ကလေးဆိုးတစ်ယောက်လိုပဲ သည်းခံပါကွယ် အဟင်းဟင်း”

ဒါကတော့ မြန်မာဗီဒီယိုဇာတ်ဝင်ခန်းတွေမှာ အမြဲသုံးလေ့ရှိတဲ့ စကားလုံးတွေပါ။ လူကြီးတွေ ဘယ်လိုပဲ မျက်နှာသာပေးထားပါစေ၊ ကောင်မလေးက သူအမြင်မကြည်တဲ့ ယောက်ျားတစ်ယောက် အိမ်ကို လာလည်ပြီဆိုရင် ခေါင်းကိုက်သလို ဖင်နာသလိုနဲ့ အကွက်ရွှေ့တတ်တဲ့သဘောပါ။ မိန်းကလေးတွေက ကိုယ်မကြိုက်တဲ့ လူတစ်ယောက် ပိုးပန်းလာပြီဆိုရင် နေမကောင်းချင်ဟန်ပဲ ဆောင်တတ်တာပါ။ ပုစဉ်းမတွေက သူတို့မကြိုက်တဲ့ ပုစဉ်းဖိုတစ်ကောင် မြူဆွယ်လာရင် သေချင်ယောင်ဆောင်တတ်ပါတယ်။

ဘယ်သူတွေ့ရှိခဲ့တာလဲ

ဇူးရစ်တက္ကသိုလ် (University of Zurich) က သုတေသနပညာရှင် ရက်စင် ခီလီဖာ (Rassim Khelifa) ဟာဆိုရင် ပုစဉ်းတွေရဲ့နေထိုင်မှုစရိုက်ကို လေ့လာနေတာ ဆယ်စုနှစ်တစ်ခုတောင် ရှိပါပြီ။ ဆွစ်တောင်တန်း (Swiss Alps) မှာရှိတဲ့ ပုစဉ်းတွေကို စုဆောင်းပြီး အသေးစိတ်လေ့လာလိုက်တဲ့အခါ ဒီဖြစ်ရပ်ကို သိရှိခဲ့တာဖြစ်ပါတယ်။ ပုစဉ်းမတွေဟာ သူတို့မလိုလားတဲ့ ပုစဉ်းထီးပိုးပမ်းလာပြီဆိုရင် သစ်ပင်ပေါ်ကနေ မြေပြင်ကို ခုန်ထိုးချပြီးတော့ မလှုပ်မယှက်ဘဲ ပက်လက်လှန်ထားလိုက်တယ်။ ပုစဉ်းထီး ထွက်သွားပြီဆိုမှ ပျံသန်းတတ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ရပ် မဟုတ်ဘဲနဲ့ ပုစဉ်းမတွေရဲ့ပရိယာယ်သာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ သေဟန်ဆောင်တာလဲ

ပုစဉ်းမ ၃၁ကောင်မှာ ၂၇ကောင်ဟာ ဒီနည်းလမ်းအတိုင်း သေချင်ဟန်ဆောင်လေ့ရှိတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါဆို ဘာဖြစ်လို့ ပုစဉ်းမတွေက မိတ်လိုက်ဖို့ ရှောင်ကြဉ်ကြတာလဲ။ အရင်ပုစဉ်းထီးနဲ့ မိတ်လိုက်ထားရာက ကျန်နေခဲ့တဲ့ သုတ်ရည်တွေကို ပုစဉ်းထီးတွေဟာ ဖယ်ထုတ်တတ်လို့ ပုစဉ်းမတွေအတွက် မိတ်လိုက်တာ အန္တရာယ်ရှိတဲ့ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။

ဘာပြောသွားသေးလဲ

“တကယ်တမ်းတော့ ပုစဉ်းထီးတွေမှာ ရှုပ်ထွေးတဲ့ လိင်အင်္ဂါဖွဲ့စည်းတည်ဆောက်ပုံဖြစ်နေတဲ့အတွက် ပုစဉ်းမရဲ့လိင်အင်္ဂါထဲမှာရှိတဲ့ သုတ်ရည်တွေကို စုတ်ထုတ်နိုင်စွမ်းရှိပါတယ် ဒါ့ကြောင့် ပုစဉ်းမတွေက ရှောင်ကြတာပါ” လို့ ရက်စင် ခီလီဖာက ဆိုပါတယ်။ ကဲ . . . ပုစဉ်းမတွေရဲ့ထုံး နှလုံးမူပြီးတော့ မိန်းကလေးတွေအနေနဲ့ ဘယ်လိုအတုယူသင့်သလဲဆိုတာ ပြောစရာမလိုလောက်အောင် ရှင်းနေပါပြီ။ နောက်တစ်ခါ ကိုယ်မကြိုက်တဲ့ယောက်ျားတစ်ယောက် အိမ်ကိုလာလည်ပြီဆိုရင် “နေမကောင်းဘူး” လို့သာ ပြောပြီး ထွက်မတွေ့ဘဲ နေလိုက်ပါ။ Chat Box က လာ Hi ရင်တော့ “အိပ်တော့မယ်” ဆိုပြီး Chat Box ပိတ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com