In Form ဖြစ်နေတဲ့ လီဗာပူးလ်အသင်းဟာ အာဆင်နယ်ကို အခက်အခဲမရှိ (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို အမှတ်ဖြတ် ဦးဆောင်လိုက်ပါပြီ။ ဒီပွဲမှာ အာဆင်နယ်ကစားပုံ ကောင်းခဲ့ပေမယ့် ခံစစ်က ဒေးဗစ်လူးဝစ်ဇ် David Luiz ရဲ့ စိတ်ပျက်စရာအမှားတွေကြောင့် ဂိုးတွေ အလွယ်တကူခွင့်ပြုခဲ့ရတာပါ။ လီဗာပူးလ်ရဲ့ ကစားပုံက တည်ငြိမ်လွန်းပြီး ပွဲတိုင်းကို အကောင်းဆုံးပုံစံနဲ့ ကျော်ဖြတ်ပြနေတယ်။ ဆာလာ Salah ၊ မာနေး Mane ၊ ဖေမီနို Firmino တို့ရဲ့ အတွဲအဖက်က ဘယ်အသင်းခံစစ်ကိုမဆို ဖြိုခွဲဖို့ အသင့်ရှိနေပြီး အထူးသဖြင့် ဖေမီနိုဟာ ဆာလာ၊ မာနေးတို့ ဂိုးသွင်းနိုင်အောင် ဘယ်လိုဖန်တီးပေးရမလဲဆိုတာကို ကောင်းကောင်းနားလည်တဲ့သူပါပဲ။

ပထမပိုင်းမှာ အာဆင်နယ် အပိုင်အခွင့်အရေးတချို့ရခဲ့ပြီး ပီပီ Pépé ၊ အူဘာမီယန်း Aubameyang တို့ ဖြုန်းတီးခဲ့တာက အာဆင်နယ်အတွက် အခုလိုရလဒ်နဲ့ ရင်ဆိုင်ရဖို့ဖြစ်လာခဲ့ပါတယ်။ အူနိုင်းအမ်မရီ Unai Emery ရဲ့ လူထုတ်ပုံတွေကလည်း မေးခွန်းထုတ်စရာဖြစ်ပြီး ၀ီလော့ခ် Willock လို လူငယ်ကစားသမားမျိုးကို ပွဲထွက်စာရင်းမှာ ထည့်ခဲ့တာ၊ လာကာဇက် Lacazette ကို အရန်အဖြစ်သာ အသုံးပြုခဲ့တာတွေက နားမလည်နိုင်လောက်အောင်ပါပဲ။ လာကာဇက်၊ အူဘာမီယန်း၊ ပီပီအတွဲအဖက်နဲ့ (၄-၂-၁-၃)ပုံစံ ကစားရင် လီဗာပူးလ်ခံစစ်ကို ဒီထက်ပိုခြိမ်းခြောက်နိုင်မယ်လို့ထင်မိတယ်။ ဘန်လေနဲ့ပွဲတုန်းက ခြေစွမ်းပြခဲ့တဲ့ စီဘယ်ယို့စ် Dani Ceballos အခုပွဲမှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို (၄၁)မိနစ်မှာ ထောင့်ကန်ဘောကနေ မာတစ် Matip က ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒုတိယဂိုးကတော့ ဒေးဗစ်လူးဝစ်ဇ် ပယ်နယ်တီဧရိယာထဲမှာ ဆာလာကို သိသိသာသာ အင်္ကျီဆွဲခဲ့လို့ ပေးလိုက်ရတဲ့ ပယ်နယ်တီကနေ ဆာလာကပဲ သွင်းယူခဲ့တာပါ။

တတိယဂိုးမှာလည်း ဒေးဗစ်လူးဝစ်ဇ် အမှားမကင်းခဲ့ဘဲ ဆာလာကို လူကပ်ထားရမယ့်အစား လွှတ်ပေးခဲ့တာကြောင့် ဆာလာက လွတ်လွတ်ကျွတ်ကျွတ် သွင်းယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီးမှာ တော်ရဲရား Torreira က သွင်းယူခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကစလို့ အခုအချိန်အထိ ပရီးမီးယားလိဂ်(၁၂)ပွဲဆက် အနိုင်ရခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်လည်းဖြစ်ပါတယ်။

Photo:Liverpool Twitter
Naing Linn(Akhayar)
www.akhayar.com