ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ ကစားခွင့်ရရှိခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားကတော့ နောက်ခံလူ Vicente Martínez Alama ဖြစ်ပြီး ၁၉၄၁ ခုနှစ်တုန်းက (၁၆)နှစ် (၂၈၀)ရက်နဲ့ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဘာစီလိုနာ(၅-၂)ဘက်တစ်ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရရှိခဲ့တဲ့ ဖာတီ Anssumane Fati (၁၆နှစ် ၂၉၈)ရက် ဟာ ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ ကစားခွင့်ရရှိခဲ့တဲ့ ဒုတိယမြောက်အသက် အငယ်ဆုံးကစားသမားဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဖာတီ ဟာ ဒီမှတ်တမ်းကောင်းကို ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ Messi ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။ အခု ဒီ Article မှာတော့ ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ ကစားခွင့်ရရှိခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

Iniesta

ဒီစာရင်းမှာ ရှိနေတဲ့ ကစားသမားတွေကတော့ ဘာစီလိုနာအသင်းရဲ့ ဂန္ထ၀င်ကစားသမားတွေပဲဖြစ်ပါတယ်။ ပထမဆုံးဖော်ပြပေးချင်တဲ့သူက အင်နီယေစတာ Iniesta ဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ အသက်(၁၈)နှစ် (၁၇၁)ရက်နဲ့ ကစားခွင့်ရရှိခဲ့တာပါ။ အင်နီယေစတာ ဟာ ၂၀၀၂ ခုနှစ် ဒီဇင်ဘာ (၂၁)ရက်နေ့ ဘာစီလိုနာ(၄-၀)မာယော့ကာပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အင်နီယေစတာ ကိုနေရာပေးခဲ့သူကတော့ နာမည်ကျော်ဝါရင့်နည်းပြ ဗန်ဟားလ် Van Gaal ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် အင်နီယေစတာ ဟာ ပွဲပေါင်း(၆၇၄)ပွဲကစားခဲ့ပြီး (၅၇)ဂိုးသွင်းယူခဲ့သလို ဆုဖလားပေါင်း(၃၁)လုံးထိ ရရှိခဲ့ပါတယ်။

Xavi

ဆက်လက်ပြီး ဖော်ပြပေးသွားမယ့် ကစားသမားကတော့ ဘာစီလိုနာဂန္ထ၀င် ဇာဗီ Xavi ပဲဖြစ်ပါတယ်။ ဇာဗီ ကတော့ အသက်(၁၈)နှစ် (၅၈)ရက်နဲ့ ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ ကစားခွင့်ရရှိခဲ့တာပါ။ ဇာဗီ ဟာ ၁၉၉၈ ခုနှစ် အောက်တိုဘာ(၃)ရက်နေ့က ကစားခဲ့တဲ့ ဘာစီလိုနာ(၃-၁)ဗလင်စီယာပွဲစဉ်မှာ စတင်ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် ဇာဗီ ဟာ ပွဲပေါင်း(၇၆၉)ပွဲကစားခဲ့ပြီး (၈၅)ဂိုးသွင်းယူခဲ့သလို ဆုဖလားပေါင်း(၂၅)လုံးထိ ရရှိခဲ့ပါတယ်။

Messi

ဘာစီလိုနာအသင်းရဲ့စံချိန်မှတ်တမ်းတိုင်းဟာ မက်ဆီ နဲ့ သက်ဆိုင်တယ်လို့ ပြောရလောက်အောင်ကိုပဲ မက်ဆီ ဟာ ဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။ ဘာစီလိုနာအသင်းအတွက် မက်ဆီ ဟာ လာလီဂါမှာ အသက်(၁၇)နှစ် (၁၁၅)ရက်နဲ့ ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဟာ ၂၀၀၄ ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့ကစားခဲ့တဲ့ အက်စပန်ညိုနဲ့ ပွဲရဲ့ပွဲချိန်(၈၂)မိနစ်မှာ ဒေကို Deco အစားလူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် မက်ဆီ ဟာ လက်ရှိအချိန်ထိ ပွဲပေါင်း(၆၈၇)ပွဲကစားခဲ့ပြီး (၆၀၃)ဂိုးသွင်းယူခဲ့သလို ဆုဖလားပေါင်း(၃၃)လုံးထိ ရယူထားပါတယ်။

Anssumane Fati

ဖာတီ ဟာ ဘာစီလိုနာ(၅-၂)ဘက်တစ်ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရရှိခဲ့ပြီး သူ့ရဲ့အသက်က (၁၆)နှစ် (၂၉၈)ရက်သာရှိသေးတာကြောင့် ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ ကစားခွင့်ရရှိခဲ့တဲ့ ဒုတိယမြောက်အသက် အငယ်ဆုံးကစားသမားဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ဖာတီ အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပေမယ့် သူ့ရှေ့က ကစားသမားတွေရဲ့ ခြေရာကိုလိုက်နင်းနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်သွားရပါလိမ့်မယ်။

Ref: Bleacher Report Football , sport-english.com , Wikipedia
Photo: Sport English , FC Barcelona , The Sun , Bleacher Report Football , FC Barcelona
Ko Kyue(Akhayar)
www.akhayar.com