ဒီတစ်ပတ်ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေမှာ ပွဲကြီးပွဲကောင်းတွေ ပါဝင်နေပေမယ့် ပရိသတ်အများစု စိတ်ဝင်စားဆုံးပွဲကတော့ မန်ယူ-ဘာစီလိုနာပွဲပါပဲ။ အိမ်ရှင်ဖြစ်ပေမယ့် လက်ရှိအချိန်မှာ မန်ယူက အောက်အသင်း၊ ဘာစီလိုနာက အပေါ်အသင်းဖြစ်နေပြီး ဘာစီလိုနာဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရဖို့ရေပန်းစားနေတဲ့အသင်းဖြစ်နေတယ်။ ဒီပွဲအတွက် မန်ယူနည်းပြဆိုးလ်ရှား Ole Gunnar Solskjaer ဘယ်လို နည်းဗျူဟာ၊ ပွဲထွက်လူစာရင်း အသုံးပြုမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါကြောင့် မန်ယူ-ဘာစီလိုနာပွဲမတိုင်ခင် မန်ယူအသင်း အသုံးပြုဖို့ရှိနေတဲ့ နည်းဗျူဟာပိုင်းကို ကြိုတင်ရင်ခုန် သုံးသပ်ကြည့်ချင်ပါတယ် . . .

မန်ယူအသင်းဟာ ဒီပွဲမှာ အရင်တုန်းကလိုပဲ (၄-၃-၁-၂) ပုံစံနဲ့ပွဲထွက်လာဖို့ရှိနေပြီး No 10 Role နေရာမှာ မာတာ Mata ဒါမှမဟုတ် လင်ဂတ် Lingard တစ်ယောက်ယောက် ကစားမယ့်အနေအထားပါ။ ဘာစီလိုနာရဲ့ အဓိကတိုက်စစ်လမ်းကြောင်းက ပြိုင်ဘက်ကွင်းလယ်ကြောကနေ ထိုးဖောက်ကစားတာဖြစ်ပြီး ကွင်းလယ်မှာ ဘောလုံးလက်ခံရယူဖို့၊ ပြန်ကျွံထွက်လာတဲ့ ဘောလုံးကနေ တိုက်စစ်ပြန်စဖို့အတွက် ကစားသမား(၄)ယောက်က အမြဲအသင့်ရှိနေတတ်တယ်။ ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူတစ်ဦးချင်းစီကို Marking လုပ်ပြီး ဘာစီလိုနာအသင်းတိုက်စစ်ကို ထိန်းချုပ်သွားဖို့ ရှိနေတယ်။ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီ Lionel Messi ဟာ တစ်ဦးချင်းစွမ်းရည်နဲ့ ခံစစ်အတွင်းထဲအထိ တိုက်စစ်ဆင်တတ်သူဖြစ်တာကြောင့် သူ့ကို ထိန်းချုပ်ဖို့ မာတစ် Matic ၊ လုခ်ရှော Luke Shaw တို့ အစွမ်းကုန် ကြိုးစားရမယ်။ ဘာစီလိုနာ Centre Backs တွေဖြစ်တဲ့ ပီကေး Pique ၊ လန်ဂလက် Lenglet တို့ကလည်း တိုက်စစ်ကို Overlap လုပ်ပြီး အမြင့်ဘောတွေဆို ခေါင်းတိုက်သွင်းယူလေ့ရှိတာကြောင့် မန်ယူခံစစ် တော်တော်လေးကို သတိကြီးကြီးထားရမှာပါ။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူအသင်းက High Pressing Game ကစားတာဖြစ်လို့ ဘာစီလိုနာကိုလည်း အဲဒီအတိုင်း တုံ့ပြန်သွားဖို့ရှိပြီး ဘောလုံးဆုံးရှုံးတာနဲ့ အတင်းဝင်၊ အတင်းဖျက်ကစားမယ့် အနေအထားပါပဲ။ သတိထားရမယ့်တစ်ချက်က မန်ယူအသင်း Pressing လုပ်နေတဲ့အချိန်မှာ ကိုယ့်အသင်း ကွင်းလယ်နဲ့ ခံစစ်ကြားမှာ Space မရှိအောင် သတိထားဖို့ဖြစ်ပါတယ်။ Space တွေသာရှိမယ်ဆိုရင် မက်ဆီ Lionel Messi ၊ ကော်တင်ဟို Coutinho တို့လို ကစားသမားတွေ စိတ်ကြိုက်ဖြစ်သွားလိမ့်မယ်။

မန်ယူအသင်းအနေနဲ့ ဘောလုံးပိုင်ဆိုင်ထားမယ်ဆိုရင် ပေါ့ဘာ Pogba ဆီကနေ တိုက်စစ်စတင်လေ့ရှိပြီး Full Backs နှစ်ဦးဖြစ်တဲ့ လုခ်ရှော Luke Shaw ၊ အက်ရှ်လေယန်း Ashley Young တို့က ဘယ်၊ ညာတောင်ပံတွေမှာ Overlap ပုံစံနဲ့ တိုက်စစ်ကို လိုက်ပါလေ့ရှိတယ်။ အဲဒီမှာ ဆိုးတာတစ်ခုက ပေါ့ဘာဆီက ဘောလုံးမထွက်ရင် မန်ယူတိုက်စစ် အသက်မဲ့သွားတာပါပဲ။ မန်ယူနဲ့ ဘာစီလိုနာ တူတာတစ်ချက်က Full Backs တွေကလည်း တိုက်စစ်ကို လိုက်ပါလေ့ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဂီယာ De Gea ဟာ စတီဂန် Ter Stegen လို Ball Playing Keeper မဟုတ်တာကြောင့် Long Pass တွေပေးပို့ပြီး တိုက်စစ်ကို တိုက်ရိုက်စတင်တဲ့နေရာမှာ အားနည်းချက်ရှိနိုင်တာပါ။ မာတစ် Matic ၊ ပေါ့ဘာ Pogba ၊ လူကာကူ Lukaku တို့ရဲ့ Physical ပိုင်း အားသာချက်ကြောင့် အမြင့်ဘောတွေနဲ့ ဘာစီလိုနာကို Pressing လုပ်ဖို့ရှိနေတယ်။ တိုက်စစ်မှာ ကစားမယ့် ကစားသမားနှစ်ဦးကတော့ Centre Forward ထက် Wing Forward ပုံစံ ကစားဖို့ ရှိနေပြီး ဘာစီလိုနာ Fullbacks နဲ့ Center Backs တွေကြားမှာ Space တွေဖြစ်အောင် ဖန်တီးသွားမယ့်ပုံပါပဲ။ အဲဒီလိုဆိုရင် ဘာစီလိုနာအသင်း (၁၈)ကိုက်စည်းထဲမှာ No 10 Role ကစားမယ့်သူ (မာတာဖြစ်ဖြစ် လင်ဂတ်ဖြစ်ဖြစ်) ဒါမှမဟုတ် ပေါ့ဘာလို ကစားသမားမျိုးဟာ ပြိုင်ဘက်ဂိုးဧရိယာထဲအထိ လိုက်ပြီး တိုက်စစ်ကစားတတ်တာကြောင့် မန်ယူအတွက် အခွင့်အရေးရလာနိုင်မယ့် အနေအထားပါပဲ။ အဲဒါကြောင့် ဘာစီလိုနာအသင်းကလည်းက ခံစစ်ကို သိပ်သည်းမှုအပြည့်နဲ့ ကစားဖို့ ပြင်ဆင်လာမှာဖြစ်ပေမယ့် ဘာစီလိုနာ Centre Back တွေက အထလေးတာကြောင့် ရပ်ရှ်ဖို့လို တိုးအားပြေးအားကောင်းတဲ့ ကစားသမားမျိုးကို ခက်ခက်ခဲခဲ ထိန်းချုပ်ရဖို့ရှိနေတယ်။

ပရိသတ်ကြီးရေ . .မန်ယူနဲ့ ဘာစီလိုနာတို့ပွဲမတိုင်ခင် မန်ယူအသင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ နည်းဗျူဟာကို သုံးသပ်ကြည့်တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်း အသုံးပြုနိုင်ခြေရှိတဲ့ နည်းဗျူဟာကိုလည်း ဆက်လက်သုံးသပ်သွားမှာဖြစ်လို့ ဆက်လက်အားပေးကြပါဦး . .

REF:sportskeeda
Photo:The National,Getty Images,sportskeeda
Naing Linn(Akhayar)
www.akhayar.com