ဒီနေ့ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေမှာ ပွဲကြီးပွဲကောင်းတွေ ပါဝင်နေပေမယ့် ပရိသတ်အများစု စိတ်ဝင်စားဆုံးပွဲကတော့ မန်ယူ-ဘာစီလိုနာပွဲပါပဲ။ အိမ်ရှင်ဖြစ်ပေမယ့် လက်ရှိအချိန်မှာ မန်ယူက အောက်အသင်း၊ ဘာစီလိုနာက အပေါ်အသင်းဖြစ်နေပြီး ဘာစီလိုနာဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရဖို့ရေပန်းစားနေတဲ့အသင်းဖြစ်နေတယ်။ ဒီပွဲအတွက် မန်ယူအသင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ နည်းဗျူဟာကို သုံးသပ်အပြီး အခု ဘာစီလိုနာအသင်းရဲ့ နည်းဗျူဟာကို သုံးသပ်ကြည့်ချင်ပါတယ် . .

ဘာစီလိုနာအသင်းဟာ ထုံးစံအတိုင်း (၄-၃-၃)ကစားကွက်နဲ့ပဲ ပွဲထွက်လာဖို့ရှိနေပြီး ရှေ့တန်း(၃)ယောက်မှာတော့ မက်ဆီ Messi ၊ ကော်တင်ဟို Coutinho ၊ ဆွာရက်ဇ် Luis Suarez တို့ကို ပွဲထုတ်လာဖို့ များပါတယ်။ ဘာစီလိုနာအသင်းဟာ ကိုယ့်ဆီမှာ ဘောလုံးမရှိတဲ့ (Off the ball)အချိန်တွေဆိုရင် မက်ဆီကလွဲပြီး ကျန်တဲ့ကစားသမားတွေ အားလုံးက ပြိုင်ဘက်တစ်ဦးချင်းစီကို High Pressing လုပ်ပြီး ကစားလေ့ရှိတယ်။ အရေးကြီးဆုံးက မန်ယူကွင်းလယ်မှာ အသက်သွေးကြောဖြစ်တဲ့ ပေါ့ဘာ Pogba ကို ထိန်းချုပ်နိုင်ဖို့ဖြစ်ပြီး ရာကီတစ် Rakitic က အဲဒီတာဝန်ယူဖို့ များပါတယ်။ ဘာစီလိုနာအသင်းမှာ အမြင့်ဘောတွေ ပိုင်နိုင်တာဆိုလို့ ပီကေး Pique ၊ ဘူးစကွက်စ် Busquets တို့နှစ်ဦးလောက်သာရှိပြီး မန်ယူအသင်းက Set Pieces နဲ့ Cross တွေကို ကောင်းကောင်းအသုံးချနိုင်တာကြောင့် အမြင့်ဘောတွေ ရှင်းထုတ်တာမှာ အားနည်းတဲ့ ဘာစီလိုနာခံစစ် အလုပ်များမယ့်အနေအထားပါပဲ။ မန်ယူအသင်းတိုက်စစ်မှာ လျင်မြန်ပြီး တိုးအားကောင်းတဲ့ ကစားသမားတွေရှိတာကြောင့် ဘာစီလိုနာအသင်းဟာ ကိုယ့်အသင်း အန္တရာယ်ဇုန်ထဲမှာ ဘောလုံးမပျက်အောင် ပေါ့ဘာဆီက ဘောလုံးမထွက်အောင် တားဆီးနိုင်ဖို့တော့ လိုပါတယ်။

ဘာစီလိုနာအသင်း ဘောလုံးပိုင်ဆိုင်ထားရင်တော့ သူတို့ဟာ ပြိုင်ဘက်အသင်းရဲ့ ကွင်းလယ်ကြောကနေ အဓိက ထိုးဖောက်လေ့ရှိလို့ မန်ယူနည်းပြဆိုးလ်ရှား Solskjaer အနေနဲ့ ကွင်းလယ်မှာ ဘာစီလိုနာအသင်း တိုက်စစ်ကို ဟန့်တားဖို့ အစီအစဉ်တွေ ချမှတ်သွားဖို့ရှိပေမယ့်လည်း ဘာစီလိုနာအသင်း ကွင်းလယ်က ကစားသမားတစ်ဦးချင်းစီက အရည်အသွေးမြင့်သူတွေဖြစ်တာကြောင့် တော်တော်လေး ခက်ခဲဖို့ရှိနေတယ်။ ဘာစီလိုနာကွင်းလယ်လူ အာသာ Arthur ဟာ ကွင်းလယ်ကနေ တိုက်စစ်ဆင်တဲ့နေရာမှာ အဓိကကျတဲ့သူဖြစ်လာမယ့်အနေအထားရှိပြီး သူနဲ့ ဟာရဲရား Herrera ထိပ်တိုက်တွေ့ဖို့ များတယ်။ တကယ်လို့ အာသာကို ထိန်းချုပ်နိုင်ရင်တောင် ကော်တင်ဟို Coutinho က ပြိုင်ဘက်ဧရိယာအတွင်း Space တွေ ဖန်တီးနိုင်စွမ်းရှိသူပါ။ ကော်တင်ဟိုဟာ အတွင်းထဲဝင် ဘောလုံးလက်ခံရယူပြီး ပြိုင်ဘက်ကစားသမားတွေကို တစ်ဦးချင်းစွမ်းရည်နဲ့ ကျော်ဖြတ် ဒါမှမဟုတ် အဝေးကန်ချက်တွေနဲ့ ဂိုးသွင်းယူလေ့ရှိသူဖြစ်ပါတယ်။ ဘာစီလိုနာဘယ်ခြမ်းမှာ ကော်တင်ဟိုအပြင် နောက်ခံလူ အယ်လ်ဘာ Alba ကလည်း Wing Back ပုံစံနဲ့ တိုက်စစ်ကို လိုက်လေ့ရှိတာကြောင့် မန်ယူအသင်း ညာအစွန်က အက်ရှ်လေယန်း Ashley Young အနေနဲပ 1 Vs 2 အခြေအနေမျိုးတွေ ရင်ဆိုင်ရဖို့ရှိနေတယ်။ ညာဘက်ခြမ်းမှာတော့ ဆာဂျီရော်ဘတ်တို Sergi Roberto ၊ ရာကီတစ်တို့က လုခ်ရှော Luke Shaw ကို ကောင်းကောင်းဒုက္ခပေးမှာဖြစ်ပြီး မက်ဆီကတော့ နောက်ထိဘောလုံးဆင်းယူ တိုက်စစ်နဲ့ချိတ်ဆက်၊ အခွင့်အရေးရရင် တစ်ဦးချင်းစွမ်းရည်နဲ့ ထိုးဖောက်ဂိုးသွင်းဖို့ပဲ လုပ်မှာပါ။

ဒီပွဲကို ခြုံပြီးပြောရရင်တော့ ကစားသမားစုဖွဲ့မှုရော၊ ခြေစွမ်းပိုင်းပါ ဘာစီလိုနာအသင်းက မန်ယူထက် နှာတစ်ဖျားသာနေပါတယ်။ ဒါပေမဲ့ မန်ယူကလည်း ပြီးခဲ့တဲ့အဆင့်တုန်းက PSG ကို မထင်မှတ်တဲ့အနေအထားကနေ ဖြုတ်ချခဲ့တဲ့အပြင် ချန်ပီယံလိဂ်မှာ အစဉ်အလာရှိတဲ့အသင်းတစ်သင်းဖြစ်တာကြောင့် ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားပါပဲ။ ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာထက် ပွဲကောင်းတစ်ပွဲကို ကြည့်ရှုခံစားရတာက အမြတ်လို့ပဲပြောရမှာပါ။

မန်ယူ-ဘာစီလိုနာပွဲမတိုင်ခင် မန်ယူအသင်း အသုံးပြုဖို့ရှိနေတဲ့ နည်းဗျူဟာပိုင်းကို ကြိုတင်ရင်ခုန် သုံးသပ်ကြည့်ခြင်း

REF:.sportskeeda
Photo:Evening Standard,sportskeeda,Reuters UK
Naing Linn(Akhayar)
www.akhayar.com