ဥရောပစူပါဖလားပွဲအဖြစ် ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ ကစားခဲ့တဲ့ပွဲ ပယ်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးလ်ဂိုးသမား အက်ဒရီယန် Adrian ရဲ့ ပယ်နယ်တီကာကွယ်တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ အဲဒီပွဲမှာ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ မိနစ်(၁၂၀)ကစားပြီးချိန်အထိ (၂)ဂိုးစီ သရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး လီဗာပူးလ်အသင်းက အကြိမ်တိုင်း ဂိုးဝင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံးပယ်နယ်တီကို အေဘရာဟမ် Abraham ကန်သွင်းတာမှာ အက်ဒရီယန်က ကာကွယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အက်ဒရီယန်ဟာ ပယ်နယ်တီနဲ့ပတ်သက်တဲ့ စည်းမျဉ်းသစ်ကို ချိုးဖောက်ခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ ၂၀၁၉-၂၀ ရာသီက စပြီး ပယ်နယ်တီမကန်ခင် ဂိုးသမားက ဂိုးစည်းပေါ်မှာ အနည်းဆုံးခြေတစ်ဖက်ချထားရမှာဖြစ်သလို ဂိုးပိုက်နဲ့ဂိုးတိုင်တွေကို လက်နဲ့ပုတ်ခွင့် မရှိပါဘူး။ ဒါပေမဲ့ အက်ဒရီယန်က အေဘရာဟမ် ပယ်နယ်တီကန်တဲ့အချိန်မှာ ခြေနှစ်ဖက်စလုံးက ဂိုးစည်းပေါ်မှာ မရှိဘဲ အဲဒီဖြစ်ရပ်ကို ဒိုင်လူကြီးက VAR ပြန်မကြည့်ခဲ့တဲ့အတွက် ပရိသတ်တွေက ဝေဖန်နေကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဲဒီစည်းမျဉ်းသစ်နဲ့ မကိုက်ညီရင် ဒိုင်လူကြီးက VAR ကြည့်ပြီး ပယ်နယ်တီပြန်ကန်ခိုင်းခဲ့တာတွေ ရှိခဲ့ပါတယ်။

အဲဒါကြောင့် Twitter အသုံးပြုသူတစ်ဦးက “VAR ရှိတာ ဘာအသုံးကျလဲ။ အေဘရာဟမ် ပယ်နယ်တီကန်တဲ့အချိန်မှာ အက်ဒရီယန်ရဲ့ ခြေနှစ်ဖက်စလုံးက ဂိုးစည်းပေါ်မှာ မရှိတာကြောင့် ပယ်နယ်တီကို ပြန်ကန်ခိုင်းရမှာပါ။ တော်တော်လေး ရယ်စရာကောင်းပါတယ်” လို့ ဝေဖန်ရေးသားခဲ့ပါတယ်။ UEFA ရဲ့ ဒိုင်လူကြီးအဖွဲ့အကြီးအကဲဖြစ်သူ ရိုဆက်တီ Roberto Rosetti ကတော့ ဥရောပစူပါဖလားပွဲမတိုင်ခင် အဲဒီပွဲကိုင်တွယ်မယ့် ဒိုင်လူကြီးတွေကို ဂိုးသမားတစ်ဦးဟာ စည်းကမ်းတွေကို မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ် ချိုးဖောက်ခဲ့ရင် အရေးယူမယ်ဆိုပြီး မှာကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အက်ဒရီယန်ရဲ့ ပယ်နယ်တီကာကွယ်မှုက စည်းမျဉ်းနဲ့ မကိုက်ညီပေမယ့် ဒိုင်လူကြီးက လက်ခံခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအတွက် ကြီးမားတဲ့ နစ်နာမှုဖြစ်စေခဲ့တယ်လို့ပဲ ပြောရမှာပါ။

REF:Daily Mail
Photo:BT Sports,Liverpool FC Facebook
Naing Linn(Akhayar)
www.akhayar.com