လကလည်းကုန်တော့မယ် ပိုက်ဆံလည်းသိပ်မသုံးချင်တဲ့ အချိန်မျိုးတွေဆိုတာ ဒီရက်ပိုင်းမှာ လူတိုင်းလိုလို ကြုံနေရတယ်လေ။ အဲ့လိုအချိန်တွေ ရောက်တိုင်း သူငယ်ချင်းတွေနဲ့ ဆုံရမှာလည်း အဆင်မပြေ၊ ဘယ်မှလည်း သွားမရတဲ့အခြေအနေမျိုးတွေ ဖြစ်လာတော့မှာ ဆိုတော့ သူငယ်ချင်းတွေနဲ့ ဒိတ်လို့လည်းရ ဈေးလည်းသက်သာပြီး စားလို့လည်းကောင်းတဲ့ မာလာရှမ်းကောဆိုင် အသစ်လေး တစ်ခုအကြောင်းလေး ပြောပြပေးချင်တယ်။

ဆိုင်ရဲ့နာမည်လေးက HUIWEI တဲ့ ဆိုင်လေးကတော့တ ကျဉ်းတယ်။ ဒါပေမယ့် အရသာကတော့ လုံးဝခိုမထားဘူး။ စားလို့ကောင်းတယ်။ အရသာလည်းမဆိုးဘူး။ ဈေးလည်းတန်တယ်။ ဒီဆိုင်လေးရဲ့ထူးခြားချက်က အသားတွေကို ဟင်းအရသာပုံစံချက်ထားတာပဲ။ ဝက်သား၊ သုံးထပ်သား၊ ကြက်သား စတာတွေကို အရသာသွင်းပြီး တစ်ခါတည်းချက်ထားတာလေးတွေပါ။

မှိုတွေ၊ အရွက်တွေကတော့ ရွေးချယ်ဖို့အတွက်တော့ နည်းတယ်။ အပ်မှိုလေးတွေကို အိတ်လေးတွေနဲ့ ထုတ်ပြီး တင်ပေးထားတာတွေ့ရတယ်။ ဒီမှာရတဲ့ အသားလုံးတွေကတော့ ဝက်မှိုလုံးတို့ ပုစွန်ဥထုပ်တွေ မပါတာတော့ တကယ်စိတ်မကောင်းဘူး။ ပုစွန်အသားလုံးလေးတွေ ဂဏန်ုးအသားလုံးတွေလည်း စားလို့ကောင်းပါတယ်။ ရတဲ့ အသားလုံးတွေက ယိုးဒယားအသားလုံးလေးတွေက များပါတယ်။ ဈေးလေးတွေက ၂၀၀၊ ၃၀၀၊ ၄၀၀ တွေပဲ။

ကိုယ်တို့သူငယ်ချင်းနှစ်ယောက်စားချင်တာတွေ အကြိုက်ထည့်တယ်။ အသားလုံးတွေ အများကြီးလည်းထည့်တယ်။ မှိုတွေ အရွက်တွေလည်းထည့်ပြီး အသားတစ်ပွဲ ခေါက်ဆွဲနှစ်ခု ပါထည့်လိုက်တယ်။ စိတ်ထဲမှာတော့ အနည်းဆုံး ၁၀,၀၀၀ အထက်လောက် ပေးရတော့မယ်ထင်တယ်ပေါ့။

စားပွဲရွေးပြီး အအေးနှစ်ဗူး၊ ရေတစ်ဗူး မှာပြီး စကားပြောရင်း ထိုင်စောင့်နေလိုက်တယ်။ ဆိုင်မှာလူတွေပြုံကျနေတဲ့အချိန် မို့( ၁၅ ) မိနစ်လောက်တော့ စောင့်လိုက်ရတယ်။ မာလာရှမ်းကောက ကိုယ့်ရှေ့မှာ ရောက်လာတဲ့အချိန်မှာ မာလာရှမ်းကောကကြွေပန်းကန်တစ်လုံးအပြည့်နီးပါးလောက်ရှိတယ်။ ခေါက်ဆွဲတွေလည်း ပွမနေတော့ လုံးဝကိုယ့်အကြိုက်။ စားလို့တော်တော် ကောင်းတယ်။ နှစ်ယောက်လုံး ထမင်းတောင် ထပ်မမှာဖြစ်ဘဲ မနည်းစားခဲ့ရတယ်။

အရသာကိုပြောရရင်တော့ အစပ် အထုံ တော်တော်နည်းတယ်လို့ခံစားရတယ်။ ကိုယ်က အထုံအစပ်ကြိုက်တဲ့သူဆိုတော့ နည်းနည်းအရသာပေါ့သလိုခံစားရတယ်။ ကိုယ်က အထုံဂိတ်ဆုံး အစပ်ဂိတ်ဆုံးစားချင်ပေမယ့် အတူပါလာတဲ့ ကိုယ့်သူငယ်ချင်းက အစပ်မစားနိုင်လို့ မျက်နှာကိုငယ်နေရှာတယ်။ သူ့လည်းသနားတာနဲ့ အစပ်နည်းနည်းပိုထည့် အထုံပုံမှန်နဲ့ မှာလိုက်တယ်။ ကိုယ့်အတွက်တော့ လုံးဝမစပ် လုံးဝမထုံ။ သူငယ်ချင်းကတော့ သူ့အတွက် အတော်ပဲတဲ့ရယ်။

နောက်ထပ် ကိုယ် ဒီဆိုင်လေးကို ကြိုက်မိတာလေးကတော့ မာလာရှမ်းကောမှာ ဆီအိုင်မနေတာပဲ။ စားလို့ပြီးလို့ကုန်တဲ့အထိကို ဆီကို အိုင်နေတာမရှိဘူး။ ဆီခြောက်ခြောက်လေးနဲ့ ချက်ထားတာ တကယ်ကို ခုမှမြင်ဖူးတယ်။

အမုန်းဆွဲ ဗုံးကြဲပြီး မာလာရှမ်းကောကို စားလို့သောက်လို့လည်းပြီးရော ကိုယ်တို့ငွေရှင်းကောင်တာမှာ ငွေထရှင်းတယ်။ အံ့သြလွန်းလို့ မျက်လုံးပါပြူးရပါတယ် ပရိသတ်ကြီးရယ်။ Pepsi နှစ်ဗူး၊ ရေတစ်ဗူးနဲ့ Tax ပါ အပါမှ ၈,၉၀၀ ကျပ်ပဲ ကျခဲ့တယ်။ ဒါဆို တစ်ယောက်ကို ၄,၅၀၀ လောက်ပဲ ကျတာပေါ့။ ကိုယ်ပြောတယ်မလား တန်တယ်လို့။

ဆိုင်လေးရဲ့အားနည်းချက်ကတော့ နေရာကျဉ်းလွန်းတာရယ်၊ ကားပါကင်ထိုးရခက်မှာရယ်ပါပဲ။ ဒါပေမယ့် စားလို့ကောင်း တော့ ဒီလောက်ဒုက္ခက အေးဆေးပဲ ဟုတ်တယ်ဟုတ်။ ကိုယ်ကတော့ Budget ကာလရောက်ခါနီးဆို ဒီဆိုင်လေးကိုပဲ လာတော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပရိသတ်ကြီးရော လကုန့်ကာနီးအချိန်လေးတွေကို ဘယ်လိုဖြတ်သန်းကြမှာတုန်း။

ဆိုင်လေးရဲ့ လိပ်စာက – တိုက်နံပါတ် ( ၂၉ )၊ ဇေယျာသီရိလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ် မှာပါနော်။ ဖုန်းနံပါတ် ကတော့ 09-266333288 ကိုဆက်လို့ရပါတယ်နော်။

ချစ်သော Lwin Moe Htyke ( Akhayar )