စနေ တနင်္ဂနွေပိတ်ရက်မှာ အသားအရေထိန်းသိမ်းမှုအတွက် မျက်နှာပေါင်းတင်ချင်ကြတဲ့ ချစ်လေးတို့အတွက် ပေါင်းတင်ရာမှာ သိထားသင့်တဲ့ အချက်အလက်တချို့ကို မျှဝေပါရစေ။ ပေါင်းတင်ရာမှာ Homemade Mask တွေနဲ့ပေါင်းတင်တာရှိသလို တစ်ခါတလေမှာလည်း အသင့်သုံးလို့ရတဲ့ Facial Mask တွေနဲ့အလွယ်တကူပေါင်းတင်လို့ရပါတယ်နော်။

တစ်မျိုးတည်းနဲ့အဆင်ပြေလား

Facial Mask သုံးတဲ့အခါ မတူညီတဲ့မျက်နှာအစိတ်အပိုင်းတွေအတွက် မတူညီတဲ့ Mask တွေသုံးသင့်ပါတယ်။ မျက်နှာပြင်မှာလည်း ခြောက်သွေ့တဲ့နေရာ၊အဆီပြန်တဲ့နေရာ၊ချွေးပေါက်ကျယ်တွေ စသဖြင့်ရှိတာမို့ လိုအပ်ချက်တွေ မတူညီကြပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် နဖူး၊နှာခေါင်းနဲ့ မေးစေ့လို T Zone တွေအတွက်သတ်သတ်၊ ပါးပြင်အတွက်သတ်သတ် သုံးပေးရပါမယ်။ ပါးပြင်အတွက် Hydrating Mask လိုမျိုး T Zone အတွက် Clay Mask လိုမျိုး သုံးသင့်ပါတယ်။

လက်နဲ့မထိပါနဲ့

Mask ကို လက်နဲ့ကော်ယူခြင်းက မျက်နှာပြင်ပေါ်ဘက်တီးရီးယားတွေ ရောက်ရှိဖို့လမ်းစပါပဲ။ ဒါကြောင့် Mask ကို သန့်ရှင်းတဲ့သစ်သားပြား၊ကော်ပြားလေးတွေ၊ Brush တွေ သုံးပြီးလိမ်းတာက ပိုကောင်းပါတယ်။ အရေးကြီးတာက ပေါင်းတင်ဆေးဘူးထဲ၊ ခွက်ထဲကို လက်နဲ့တိုက်ရိုက်မနှိုက်မိဖို့ပါပဲ။

ရွေးချယ်တတ်ပါစေ

ကိုယ်သုံးတဲ့ပေါင်းတင်ဆေးက ကိုယ့်အရေပြားရဲ့လိုအပ်ချက်နဲ့ မကိုက်ညီရင် အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ကိုယ့်မျက်နှာအသားအရေက ခြောက်သွေ့တတ်သလား၊အဆီပြန်သလား၊ညစ်နွမ်းနေသလား၊အရေးအကြောင်းတွေရှိနေသလား၊ပေါင်းစပ် အသားအရေ အမျိုးအစားလား စသဖြင့် သေသေချာချာ သိဖို့လိုအပ်ပါတယ်။ လိုအပ်ချက်ကို ကြည့်ပြီး Hydrating Mask ၊ Clay Mask၊ Rejuvenating Mask စသဖြင့်ရွေးချယ်တတ်ရမှာ ဖြစ်ပါတယ်။

You May Also Like:ပျိုမေတို့အတွက်အိမ်တွင်းဖြစ်ဆံပင်ပျော့ဆေးများ

အချိန်ကလည်းအရေးကြီး

မျက်နှာပေါင်းတင်တဲ့အခါ  ဘယ်လောက်ကြာကြာထိ မျက်နှာပေါ်တင်ထားမလဲ ဆိုတာ သိရပါမယ်။ များသောအားဖြင့် အချိန်၁၅ မိနစ်မှ ၃၀ မိနစ် အထိထားလေ့ရှိကြပါတယ်။တစ်ခါတလေမှာ ရွှံ့စေး နဲ့ အက်စစ် ပါတာလေးတွေက အချိန်ကြာကြာထားရင် အသားအရေ ခြောက်သွေ့တာမျိုး ရှိနိုင်ပါတယ်။ဒါကြောင့် သတိထားပါ။

အလေအလွင့်မရှိပါစေနဲ့

တစ်ခါသုံး Facial Mask ၊ Sheet Mask တွေသုံးရင် အိတ်ထဲမှာစိုရွှဲပြီးရှိနေတဲ့ အဆီအနှစ်တွေကို လည်ပင်းတစ်ဝိုက်နဲ့ လက်တွေကို လိမ်းနိုင်ပါတယ်။ မျက်နှာပေါင်းတင်ဆေးဖြစ်တာမို့ မျက်နှာတစ်ခုတည်း လိမ်းသင့်တယ်လို့ဆိုလိုပါဘူး။ ကျန်တဲ့အစိတ်အပိုင်းတွေကိုလည်း လိမ်းပေးရင်း အလေအလွင့်မရှိအောင် အသုံးချနိုင်ပါတယ်။ Homemade Mask တွေပိုနေရင်တော့ ရေခဲသေတ္တာထဲ သိမ်းထားပေးပြီး ပြန်အသုံးချနိုင်ပါတယ်။

အားလုံးပဲ ပြစ်မျိုးမှဲ့မထင်အလှကို ပိုင်ဆိုင်နိုင်ကြပါစေနော်…။

ဂျူဂျူး (အခရာ)

www.akhayar.com