သင့်ဖုန်းမှာ ဘာတွေသုံးနေလဲဆိုတာ သိခွင့်ပေးလို့ ပိုက်ဆံရမယ်ဆိုရင် ပေးသိရဲပါသလား? ပိုက်ဆံရရင်တော့ ပေးသိတယ်ကွာလို့ ဆိုသူတွေအတွက် Facebook က ‘Study’ လို့ ခေါ်တဲ့ App အသစ်တခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဈေးကွက်သုတေသန App တခုဖြစ်တဲ့ Study ဟာ သင့်ရဲ့ ဖုန်းအသုံးပြုမှု ပုံစံကို စောင့်ကြည့်သွားမှာဖြစ်ပြီး၊ အသုံးပြုသူတိုင်းကို Reward ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

Study ဟာ လူတယောက်ရဲ့ ဖုန်းမှာ သွင်းထားတဲ့ Apps တွေ၊ အဆိုပါ Apps တွေကို အသုံးပြုတဲ့ ကြာချိန်၊ ရောက်ရှိနေတဲ့ နိုင်ငံ၊ အသုံးပြုနေတဲ့ Features အတိအကျ နဲ့ အခြားအချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်နိုင်တဲ့ App တခု ဖြစ်ပါတယ်။ မက်ဆေ့တွေ၊ Passwords တွေနဲ့ ကိုယ်ဝင်ကြည့်တဲ့ Websites လိုမျိုး အသေးစိတ်အကြောင်းအရာ (Specific Content) တွေကိုတော့ သူတို့ သိမှာ မဟုတ်ဘူးလို့ Facebook က ပြောကြားထားပါတယ်။

Facebook ဟာ အရင်တုန်းကလည်း အလားတူ Privacy နဲ့ ပိုက်ဆံ အလဲအထပ်လုပ်တဲ့ App တခုကို ထုတ်ခဲ့ဖူးပါတယ်။ ဆယ်ကျော်သက်တွေကို အခကြေးငွေပေးပြီး ဖုန်းအသုံးပြုမှုကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ ‘Facebook Research’ App ပါ။ ဒါပေမယ့် ဒီ App ဟာ App Store စည်းကမ်းချက်တွေကို ချိုးဖောက်ကာ ဒေတာကောက်ယူနေတာကြောင့် Apple က ဇန်နဝါရီလမှာ ပိတ်သိမ်းပစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ပြီးနောက် လအနည်းငယ်အကြာမှာပဲ Study ကို ထုတ်ပေးလိုက်တာကြည့်ရင် Facebook အနေနဲ့ လူတွေရဲ့ ဖုန်းအသုံးပြုမှု Data တွေကို သိရဖို့ လက်မလျှော့သေးတဲ့ပုံပါပဲ။ ဒါပေမယ့် အရင် App လို ပြဿနာတွေ မဖြစ်အောင်လို့ တော့ ကြိုတင်ပြင်ဆင်ထားပါတယ်။ Study App ကို အသက် ၁၈ နှစ်နဲ့ အထက် လူတွေအတွက်ပဲ ထုတ်ပေးသွားမှာဖြစ်ပြီး၊ ဖုန်း Access ပိုပေးနိုင်တဲ့ Android အတွက်ပဲ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ App က ကောက်ယူတဲ့ Data အမျိုးအစားနဲ့ ဒီ Data တွေကို အသုံးပြုမယ့် ပုံစံတွေကိုလည်း စခရင်မှာ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

Study App သုံးမယ့်လူရဲ့ အသက်ကိုတော့ သူတို့ Facebook အကောင့်မှာ ဖြည့်ထားတဲ့ အသက်နဲ့ပဲ ဆုံးဖြတ်သွားမှာပါ။ ပိုက်ဆံလက်ခံဖို့အတွက်လည်း PayPal အကောင့်တခု လိုပါတယ်။ PayPal ကလည်း အသက် ၁၈ နှင့်အထက်မှ ဖွင့်လို့ရတာပါ။ အမေရိကန်နဲ့ အိန္ဒိယအတွက်ပဲ ထုတ်ပေးထားမှာ ဖြစ်တာကြောင့် လူတိုင်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီ App ကြော်ငြာပေါ်လာတဲ့ လူတွေပဲ Click နှိပ်ပြီး၊ Sign Up ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Study App က ရရှိတဲ့ Data တွေကို အခြားကုမ္ပဏီတွေထံ ရောင်းချသွားမှာ မဟုတ်သလို၊ ပစ်မှတ်ထားကြော်ငြာတွေအတွက်လည်း အသုံးပြုသွားမှာ မဟုတ်ဘူးလို့ Facebook က ပြောကြားထားပါတယ်။ ဒါ့အပြင် ဒီ Data တွေကို ကိုယ့် Facebook အကောင့်နဲ့ အသုံးပြုတဦးချင်းစီအတွက် ထားရှိတဲ့ “Behavior Profiles” တွေမှာလည်း ထည့်သွင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Study App ကို သုံးရင် ပိုက်ဆံဘယ်လောက်ပေးမလဲဆိုတာတော့ မပြောထားပါဘူး။ Facebook Blog Post မှာတော့ “သုတေသနမှာ ပါဝင်သူတိုင်းကို ထိုက်သင့်တဲ့ အခကြေးငွေ” ပေးသွားမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ အရင် Facebook Research App တုန်းကတော့ အသက် ၁၃ နှင့် ၃၅ နှစ်ကြား အသုံးပြုတိုင်းကို တလ ၂၀ ဒေါ်လာပေးခဲ့တာ ဖြစ်ပါတယ်။ တခြားတယောက်ကို ပြန်ညွှန်းပေးရင်လည်း ပိုက်ဆံ ထပ်ရပါတယ်။

Ref: The Verge, Tech Crunch, Facebook Newsroom