FA ဖလား ကွာတားဖိုင်နယ်ပွဲတွေမှာတော့ ၀က်ဖို့ဒ်နဲ့ မန်စီးတီးအသင်းတို့ဟာ နိုင်ပွဲကိုယ်စီ ရယူခဲ့ကြပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ကြပါတယ်။ ၀က်ဖို့ဒ်အသင်းက ပဲလေ့စ်ကို (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်တစ်နေရာကို ပိုင်ဆိုင်ခဲ့တယ်။ ပဲလေ့စ်အသင်းဟာ ၀က်ဖို့ဒ်ကို အပြန်အလှန်ကစားနိုင်ပေမယ့် ၀က်ဖို့ဒ်အသင်းက အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာကြောင့် နိုင်ပွဲရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ၀က်ဖို့ဒ်အသင်းအတွက် ကာပိုး Etienne Capoue က (၂၇)မိနစ်မှာ သွင်းခဲ့ပြီး (၆၂)မိနစ် ပဲလေ့စ်တိုက်စစ်မှူး ဘတ်ရှူအာယီ Michy Batshuayi က သွင်းယူခဲ့တာပါ။ ၀က်ဖို့ဒ်အသင်းအတွက် အနိုင်ဂိုးကိုတော့ အန်ဒီဂရေး Andre Gray က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဆွမ်ဆီး-မန်စီးတီးပွဲမှာတော့ မန်စီးတီးအသင်းဟာ နှစ်ဂိုးပြတ်ရှုံးနိမ့်နေတာကနေ (၃)ဂိုးပြန်သွင်းပြီး အနိုင်ယူခဲ့ပါတယ်။ လိဂ်ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ ဆွမ်ဆီးအသင်းဟာ ဒီပွဲမှာ မန်စီးတီးအသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ဦးဆောင်ဂိုးတွေပါ သွင်းယူခဲ့တယ်။ မန်စီးတီးအသင်းဟာ ဒီပွဲမှာ လူစုံထုတ်ခဲ့ပေမယ့် ဆွမ်ဆီးအသင်းက ပုံစံကောင်းကို ပြသခဲ့ပြီး Matt Grimes မိနစ်(၂၀)မှာ သွင်းယူခဲ့သလို၊ (၉)မိနစ်အကြာမှာပဲ Bersant Celina က ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဆွမ်ဆီးအသင်း ကစားအားကျသွားပြီး မန်စီးတီးအသင်းက တိုက်စစ်ဖွင့်ကစားခဲ့တာကြောင့် အခွင့်အရေးတွေ ပြန်ရလာခဲ့တယ်။ (၆၉)မိနစ်မှာ ဘာနာဒိုဆေးလ်ဗား Bernardo Silva က ချေပဂိုးသွင်းယူခဲ့ပြီး (၇၈)မိနစ်မှာ အငြင်းပွားစရာ ပယ်နယ်တီကနေ အဂွဲရိုး Aguero က သွင်းခဲ့တာပါ။ ဒါပေမဲ့ အဂွဲရိုးရဲ့ ကန်ချက်က ဆွမ်ဆီးဂိုးသမား Kristoffer Nordfeldt နဲ့ ထိခဲ့တာကြောင့် OG အဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်သေချာမယ့်ဂိုးကိုတော့ (၈၈)မိနစ်မှာ အဂွဲရိုးက သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo:Manchester City Twitter
Naing Linn(Akhayar)
www.akhayar.com