ဒီတစ်ပတ်မှာ FA ဖလားကွာတားဖိုင်နယ်ပွဲတွေရှိတာကြောင့် ပရီးမီးယားလိဂ်ပွဲတချို့ ကစားမှာ မဟုတ်ပါဘူး။ FA ကွာတားဖိုင်နယ်ပွဲတွေမှာ မန်ချက်စတာမြို့ခံအသင်းတွေဖြစ်တဲ့ မန်ယူ၊ မန်စီးတီးအသင်းတို့ဟာ ၀ုလ်ဗ်၊ ဆွမ်ဆီးတို့နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဆီမီးဖိုင်နယ်တက်ခွင့်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . .

ဝက်ဖို့ဒ် – ပဲလေ့စ် (စနေ ည ၆း၄၅)
ဝက်ဖို့ဒ်က အိမ်ကွင်းခြေစွမ်းမာတဲ့အသင်းဖြစ်ပြီး အသင်းကြီးတွေကိုတောင် ခံကစားနိုင်တဲ့အသင်းပါ။ ဒီအဆင့်အထိ ရောက်နေပြီဖြစ်လို့ ဖလားမျှော်လင့်ချက်အတွက် ဆက်ပြီးတိုက်ပွဲဝင်သွားဦးမှာပဲ။ ပဲလေ့စ်အသင်းကတော့ ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့ ရာနှုန်းပြည့်စိတ်ချရအောင် ကြိုးစားရမှာဖြစ်တာကြောင့် ပြိုင်ပွဲနှစ်ခုအကြား ဗျာများနေနိုင်တယ်။ အိမ်ရှင်ဝက်ဖို့ဒ်အသင်းကို ရွေးချယ်ချင်ပြီး (၂-၁)ဂိုးလောက်နဲ့ အနိုင်ယူသွားမယ်လို့ ထင်တယ်။

ဆွမ်ဆီး – မန်စီးတီး (စနေ ည ၁၁း၅၀)
ပရီးမီးယားလိဂ်ကနေေ တန်းဆင်းခဲ့ရတဲ့ ဆွမ်ဆီး လိဂ်ချန်ပီယံရှစ်မှာလည်း အခြေအနေ မကောင်းပါဘူး။ အိမ်ကွင်းအားသာချက် တစ်ခုတည်းနဲ့တော့ မန်စီးတီးကို ရင်ဆိုင်ဖို့ ခက်ပါတယ်။ မန်စီးတီးအသင်းက လိဂ်ဖလား ရယူခဲ့ပြီးဖြစ်သလို ဖလား(၃)လုံး လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ဖလားတိုင်း ရယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်။ မန်စီးတီးပဲ ဆီမီးဖိုင်နယ်တက်သွားမှာဖြစ်ပြီး အနည်းဆုံးနှစ်ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။

ဝုလ်ဗ် – မန်ယူ (တနင်္ဂနွေ မနက် ၂း၂၅)
ဒီရာသီ ပရီးမီးယားလိဂ်မှာ ၀ုလ်ဗ်ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာပါ။ အသင်းကြီးတွေနဲ့ဆိုရင် ရလဒ်ကောင်းအောင် ကစားခဲ့တယ်။ မန်ယူအသင်းကတော့ ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ခဲ့ပြီး နည်းပြဆိုးလ်ရှား Ole Gunnar Solskjaer လက်ထက် ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့တယ်။ ဒီရာသီ ဖလား(၂)လုံး လမ်းကြောင်းပေါ်မှာ ရှိသေးတယ်ဆိုပေမယ့် အသေချာဆုံးဖြစ်နေတဲ့ FA ဖလားကို လက်လွှတ်ခံမှာ မဟုတ်လောက်ဘူး။ တိုက်စစ်မှူး လူကာကူ Lukaku ဒီပွဲကို လွဲချော်ဖို့ ရှိနေတာကြောင့် တိုက်စစ်ပိုင်း အားနည်းဖို့တော့ရှိနေတယ်။ ပရီးမီးယားလိဂ်မှာ ဆုံတွေ့ခဲ့တုန်းကလည်း မန်ယူအိမ်ကွင်းမှာ ၀ုလ်ဗ်ကို အသာမရခဲ့ဘဲ သရေကျခဲ့တယ်။ ပွဲချိန်အတွင်း အဖြေပေါ်ပါ့မလားဆိုတာ စဉ်းစားစရာပဲ။ ၀ုလ်ဗ်ကွင်းမှာ မန်ယူ ခက်ခက်ခဲခဲ ကစားပြီးမှ (၂-၁)ဂိုးလောက်နဲ့ အနိုင်ရသွားဖို့များပါတယ်။

Photo:Evening Standard
Naing Linn(Akhayar)
www.akhayar.com