FA ဖလားဗိုလ်လုပွဲအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးနဲ့ ၀က်ဖို့ဒ်အသင်းတို့ဟာ ဒီည မြန်မာစံတော်ချိန် ၁၀း၃၀ အချိန်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ခြေစွမ်း၊ ကစားသမားစုဖွဲ့မှုအရ ၀က်ဖို့ဒ်အသင်းကို အသာရနေပေမယ့်လည်း ၀က်ဖို့ဒ်အသင်းက ဒီရာသီမှာ အသင်းကြီးတွေကို ခံကစားနိုင်ခဲ့တဲ့အပြင် ဗိုလ်လုပွဲလည်းဖြစ်နေလို့ မန်စီးတီး လွယ်ကူမယ့်ပွဲတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီရာသီမှာ ပြည်တွင်းဆုဖလား(၃)ခုရဖို့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာ Pep Guardiola သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . . .

မန်စီးတီး – ၀က်ဖို့ဒ် (စနေည ၁၀း၃၀)

ပရီးမီးယားလိဂ်၊ လိဂ်ဖလားတွေ ရယူထားတဲ့ မန်စီးတီးအသင်းဟာ အခု FA ဖလားကိုသာ ထပ်မံရရှိခဲ့ရင် (၅၈)နှစ်အတွင်း အင်္ဂလန်ပြည်တွင်းဆုဖလား(၃)ခုကို တစ်ပြိုင်နက်ရရှိခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်မှာပါ။ မန်စီးတီးအသင်းဟာ ဗိုလ်လုပွဲလာရာလမ်းကြောင်းမှာ အသင်းကြီးတွေနဲ့တစ်ခါမှ မဆုံတွေ့ခဲ့သလို ၀က်ဖို့ဒ်အသင်းကလည်း မန်စီးတီးနဲ့ သိပ်မကွာပါဘူး။ ပြီးခဲ့တဲ့ဆီမီးဖိုင်နယ်အဆင့်မှာ ၀ုလ်ဗ်ကို အရှုံးကနေ အနိုင်ပြန်ယူပြီး ဗိုလ်လုပွဲတက်လာတာကြောင့် ၀က်ဖို့ဒ်အသင်းကို အထင်သေးလို့တော့ မရပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒီနှစ်သင်းဆုံတွေ့တော့ မန်စီးတီးအသင်းက နှစ်ကျော့စလုံး အနိုင်ရခဲ့တယ်။ မန်စီးတီးအသင်းဟာ FA ဖလားကို ၂၀၁၁ ခုနှစ်ကနောက်ဆုံးရရှိခဲ့ပြီး ၂၀၁၂-၁၃ တုန်းက ဗိုလ်လုပွဲတက်ခဲ့ပေမယ့် ၀ီဂန်အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ၀က်ဖို့ဒ်အသင်းရဲ့ ခံကန်အားကြောင့် မန်စီးတီး ခက်ခက်ခဲခဲကစားရဖို့ရှိပြီး (၂-၁)ဂိုးလောက်နဲ့ပဲ အနိုင်ရမယ်လို့ထင်ပါတယ်။

Photo:FC Naija,The Telegraph
Naing Linn(Akhayar)
www.akhayar.com