မျက်ဝန်းတစ်စုံရဲ့အလှဆိုတာ မျက်တောင်ကော့လေးတွေနဲ့ ဝိုင်းစက်တဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားခြင်းထက်သာလွန်ပါတယ်။ ဒီဘက်ခေတ်မှာ ဖုန်း Screen ၊ ကွန်ပျူတာ Screen တွေကို ကြည့်ရဖန်များပြီး မျက်စိကျန်းမာရေး ထိခိုက်လာသလို မျက်စိဟာခြောက်သွေ့ယားယံပြီး ရွှန်းစိုတောက်ပမှုမရှိနိုင်တော့ပါဘူး။ ဒီအားနည်းချက်ကို ကုစားကြည့်ကြစို့လား။

ရေခဲ ကပ်ပေးပါ

ဒီနည်းကတော့ ရိုးရှင်းတဲ့ရူပဗေဒသဘောတရားကို အခြေပြုထားပါတယ်။အပူက ပျံ့စေပွစေပြီး အအေးကကျုံ့စေပါတယ်။ရေခဲရေရဲ့ အေးမြမှုက မျက်လုံးမို့တာကို သက်သာစေပြီး အရေပြားကို တင်းရင်းစေနိုင်ပါတယ်။ဒါကြောင့်ရေခဲတုံးလေးတွေကို အသုံးပြုနိုင်သလို မျက်လုံးကို အေးမြစေမယ့် Eye Creamကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။ သခွားသီးဝိုင်းလေးတွေကပ်ပေးလို့လည်းရပါတယ်။

လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပါ

သွေးလှည့်ပတ်မှုကောင်းစေဖို့ မျက်လုံးအောက်ဘက်နေရာကိုလက်ချောင်းသုံးချောင်းကို အသုံးပြုပြီး စန္ဒရားတီးသလိုမျိုး ညင်ညင်သာသာရွေ့လျားကာ နှိပ်နယ်ပေးပါ။ စိတ်ဖိစီးမှုတွေ ပြေလျော့စေဖို့အတွက် မျက်ဝန်းအတွင်းဘက်ကနေ နားထင်ဘက်ဆီကို လက်သူကြွယ် အသုံးပြုပြီး စက်ဝိုင်းခြမ်းပုံ ညင်သာစွာ နှိပ်နယ်ပေးပါ။ တစ်ဖန် နားထင်ဘက်ဆီကနေ မျက်လုံးအတွင်းဘက်ဆီကို ပြန်ပြီးနှိပ်နယ်ပေးရပါမယ်။

တစ်ပတ်တစ်ခါ Eye Mask သုံးပေးပါ

(၁၀)မိနစ်လောက်မျက်လုံးကိုအနားပေးပြီး Treatment ပေးခြင်းက ကောင်းမွန်သိသာတဲ့ ရလဒ်ကိုရစေပါတယ်။ မျက်လုံးမို့အစ်ခြင်းနဲ့ မျက်ကွင်းညိုတာတွေကို အဓိကသက်သာစေတဲ့ Mask မျိုးကို ရှာဖွေအသုံးပြုပေးပါ။ သက်သောင့်သက်သာအနေအထားဖြစ်အောင်လဲလျောင်းပြီး Mask အေးအေးလေးကို ကပ်ပေးနိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ်လောက်တော့ ကပ်ပေးသင့်ပါတယ်။

You May Also Like:ဝက်ခြံတွေကို တိုက်စစ်ဆင်မယ်

လက်သူကြွယ်ကို အသုံးပြုပါ

မျက်လုံးပေါ်ကို Makeup မှအစ Serum ၊ Gelနဲ့Cream အဆုံးတစ်ခုခုလိမ်းခြယ်တော့မယ်ဆိုရင် လက်သူကြွယ်ကိုပဲ အသုံးပြုပါ။ ဘာကြောင့်လဲဆိုရင် လက်သူကြွယ်ဟာ အားအပျော့ဆုံးနဲ့ အညင်သာဆုံးဖိအားကို ပေးစွမ်းနိုင်လို့ပါပဲ။ ဒီလို လိမ်းခြယ်ပေးခြင်းက မျက်ဝန်းတစ်ဝိုက်က အသားအရေကို တအားပွတ်ဆွဲပြီး လိမ်းမိတာမျိုးတွေ မဖြစ်စေတော့ပါဘူး။

သေသေချာချာသန့်စင်ပါ

မျက်လုံးတစ်ဝိုက်က ရေစိုခံမိတ်ကပ်လိုမျိုးအရာတွေကို ဖယ်ရှားဖို့အတွက် သင့်တော်တဲ့ Cleanser ကို သုံးပေးပါ။ တကယ်လို့ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် Cleanser အပျော့စားကို အသုံးပြုပေးပါ။ ဂွမ်းစလေးကို Cleanser ထဲမှာ စိမ်ပြီး မျက်ခွံတွေပေါ်ကို ခဏတင်ထားကာ မိတ်ကပ်တွေအရည်ပျော်ကျသွားတော့မှ ဆွဲယူဖယ်ရှားပေးရပါမယ်။ ဝါဂွမ်းတံလေးမှာ သံလွင်ဆီ၊ Baby Oilစတာတွေတို့သုတ်ပြီးတော့လည်း  လိုင်နာတွေ မျက်တောင်ကော့ဆေးတွေကို ခပ်ဖွဖွသန့်စင်ပေးနိုင်ပါတယ်။

မှန်ကန်တဲ့ပစ္စည်းကို ရွေးချယ်တတ်ပါစေ

မျက်ကွင်းညိုခြင်းဟာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ပြာနှမ်းတဲ့ အရောင်ဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ သွေးလှည့်ပတ်မှု မကောင်းတာတွေကြောင့်ဖြစ်တတ်ပါတယ်။ နောက်တစ်မျိုးကတော့ အညိုရင့်ရောင်ဖြစ်ပြီး UV Rays တွေနဲ့ထိတွေ့ရမှု၊ ဟော်မုန်းအပြောင်းအလဲနဲ့ သွေးအားနည်းရောဂါလိုမျိုး ကျန်းမာရေးအခြေအနေကြောင့်ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ မျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် မျက်ကွင်းညိုရလဲဆိုတာကို ဆန်းစစ်ပြီးမှ သင့်တော်ရာကို ရွေးချယ်သုံးစွဲပေးရပါမယ်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပါ

ညဘက် အိပ်ချိန်မှာ အတွေးမများဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကြိုးစားပါ။ အိပ်စက်ခြင်းရဲ့ ကွက်လပ်ကို ဘယ်အရာကမှ အစားထိုးဖြည့်စွမ်းနိုင်မှာ မဟုတ်ပါဘူး။ အိပ်ရေးဝပါမှ ကျန်းမာတဲ့ အသားအရေ အားအင်ပြည့်ဝပီး ကြည်လင်တဲ့ မျက်ဝန်းအလှကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် ညတိုင်းကောင်းကောင်း အိပ်စက်ဖို့ အရေးကြီးလှပါတယ်။

ဂျူဂျူး (အခရာ)

www.akhayar.com