Google Android ကို တီထွင်သူတွေထဲက တစ်ဦးဖြစ်တဲ့ Andy Rubin ဟာ သူ့ရဲ့ ကိုယ်ပိုင်စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ Rubin ဟာ Google ကနေ ၂၀၁၄ခုနှစ်တုန်းက ထွက်ခဲ့ပြီး Playground ဆိုတဲ့ နည်းပညာရင်နှီးမြုတ်နှံမှုကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ Essential ကတော့ ကုမ္ပဏီရဲ့ ပထမဆုံးထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တစ်ခုပါ။

ပစ္စည်းဟာ Android OS နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၇၀၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဈေးပေးရတာနဲ့ တန်အောင်လည်း ဖုန်းမှာ လုပ်ဆောင်ချက်တွေ တော်တော်များများ ထည့်သွင်းထားပါတယ်။

မျက်နှာပြင်ကို အပြည့်အဝ မြင်နိုင်စေမယ့် ပုံစံကလည်း Smart ဖြစ်ပြီး Status Bar နဲ့ Icons တွေတောင် ပါမလာပါဘူး။ ဒါကြောင့် လုံးဝ အပြည့်အဝ Bezeless Display ပုံစံကို ဖော်ဆောင်ထားတာကို တွေ့နိုင်ပါတယ်။

Essential ဖုန်းမှာ Qualcomm 835 Processor, 4GB RAM, 128GB Storage တွေပါဝင်ပါတယ်။ ကိုယ်ထည်ကို Titanium နဲ့ Ceramic ပေါင်းစပ် တည်ဆောင်ထားပါတယ်။ Drop Test အရ Aluminium ကိုယ်ထည်တွေထက် ခံနိုင်ရည်ရှိမယ်လို့ ဆိုခဲ့ပါတယ်။

ကင်မရာကိုလည်း Dual Camera စနစ်ထည့်သွင်းထားပြီး တခြားပြိုင်ဘက်တွေထက် ပိုမို သာလွန်စေရမယ်လို့ အာမခံထားပါတယ်။ ရှေ့မျက်နှာကင်မရာဟာလည်း 8-MP ဆင်ဆာပါဝင်ပြီး 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

OS ကိုလည်း လောလောဆယ် အသုံးပြုထားတဲ့ Android OS သာမက ကိုယ်ပိုင် OS ဖြစ်တဲ့ Ambient OS ကိုပါ အသုံးပြုသွားမယ်လို့ ဆိုခဲ့ပြီး ဒီ OS ဟာလည်း Android လိုမျိုး Open Source ဖြစ်လာမယ်လို့ Andy Rubin က ဆိုပါတယ်။

Ref: The Verge