အဲဗာတန်အသင်းကတော့ အိမ်ကွင်းခြေစွမ်းကောင်း ဆက်ပြပြီး အာဆင်နယ်ကို အနိုင်ယူခဲ့ပါတယ်။ ဘာမျှော်လင့်ချက်မှ မရှိတော့ပေမယ့်လည်း အဲဗာတန်အသင်းဟာ အသင်းကြီးတွေဆိုရင် အိမ်ကွင်းမှာ ဒုက္ခပေးနေပြီး လီဗာပူးလ်ကို သရေ၊ ချယ်လ်ဆီးကို အနိုင်၊ အခု အာဆင်နယ်ကိုလည်း ထပ်ပြီးအနိုင်ယူခဲ့ပြန်ပါပြီ။ အဲဗာတန်အသင်းရဲ့ မြန်နှုန်းမြှင့်ကစားဟန်ကြောင့် အာဆင်နယ် ကစားကွက်တည်မရခဲ့ဘဲ အသည်းအသန်ကစားခဲ့ရတယ်။ ပိုဆိုးတာက အူနိုင်းအမ်မရီ Unai Emery ဟာ ပွဲထွက်စာရင်းမှာ အဓိက ကစားသမားတချို့ကို ချန်လှပ်ခဲ့တာကြောင့် အာဆင်နယ် ရုန်းကန်ခဲ့ရပြီး အဲဗာတန်ကတော့ တောင်ပံတိုက်စစ်လမ်းကြောင်းတွေကနေ အဓိက ထိုးဖောက်ခဲ့တယ်။

ပွဲထွက်စာရင်းမှာ ပါလာတဲ့ အယ်လ်နန်နီ Mohamed Elneny ဟာ ဘယ်လိုမှ အလုပ်မဖြစ်လို့ ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပြီး အိုဇေးလ် Mesut Ozil လည်း ဒီပွဲမှာ အလုပ်မဖြစ်ခဲ့ဘူး။ Tempo မြှင့်ကစားနေတဲ့ အဲဗာတန်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဲဗာတန်ကစားသမားတွေက အတင်းဝင်၊ အတင်းဖျက် ကစားနေတာကြောင့် အာဆင်နယ်အသင်း ကစားရကျပ်သွားပါတယ်။ အဲဗာတန်အသင်းရဲ့ တစ်လုံတည်းသော အနိုင်ဂိုးကို ပွဲအစ(၁၀)မိနစ်မှာ ၀ါရင့်နောက်ခံလူ ဂျာဂယ်လ်ကာ Jagielka က ဂိုးရှေ့မှာ ရှုပ်ရှတ်ခတ်နေတဲ့အနေအထားကနေ ပိတ်သွင်းခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာလည်း အဲဗာတန်အသင်းက ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ (၁-၀)ဂိုးနဲ့သာ ပွဲပြီးခဲ့တာဖြစ်ပါတယ်။ ဒီပွဲရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာဆင်နယ်ဖိအားရှိသွားခဲ့ပြီး နောက်ပွဲတွေမှာ အမှားမခံတော့ပါဘူး။

Photo:Premier League Facebook
Naing Linn(Akhayar)
www.akhayar.com