နွေရာသီအပြောင်းအရွှေ့ ဈေးကွက်အတွင်း အင်တာမီလန်တိုက်စစ်မှူး အီကာဒီ Mauro Icardi ကို အငှားနဲ့ ခေါ်ယူခဲ့တဲ့ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ တန်ဖိုးအကြီးဆုံ ကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ ဥရောပကလပ်အသင်းစာရင်းမှာ အဆင့်(၅)က စပါးအသင်းနေရာကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။ စပါးအသင်းရဲ့ ကစားသမားစုစုပေါင်း တန်ဖိုးက ပေါင်(၈၈၁.၅၅)သန်းရှိခဲ့ပေမယ့် PSG အသင်းကို မမီခဲ့ဘဲ အဆင့်တစ်ဆင့် လျော့ကျခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လီဂူးချန်ပီယံ PSG အသင်းဟာ အီကာဒီကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီး ရာသီကုန်ကျရင် ပေါင်(၆၄)သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ရှိနေသလို သူတို့အသင်းရဲ့ ကစားသမားအစုအဖွဲ့တန်ဖိုးက ပေါင်(၉၄၉.၅)သန်းအထိရှိနေတာဖြစ်ပါတယ်။

အခုစာရင်းကို နာမည်ကျော် ဘောလုံးအချက်အလက်ပြုစုရေး ၀က်ဘ်ဆိုက်ဖြစ်တဲ့ Transfermarkt.com က ဖော်ပြခဲ့တာဖြစ်ပြီး ထိပ်ဆုံးမှာတော့ ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းက ပေါင်(၁.၁၄)ဘီလီယံနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ မန်စီးတီးနောက်မှာတော့ လာလီဂါနာမည်ကျော်ကလပ်တွေဖြစ်တဲ့ ရီးယဲလ်၊ ဘာစီလိုနာအသင်းတို့က ပေါင်(၁.၀၇)ဘီလီယံ၊ ပေါင်(၁.၀၃)ဘီလီယံတို့နဲ့ ဒုတိယ၊ တတိယနေရာတွေမှာ အသီးသီးရှိနေတာပါ။ ဒီနွေရာသီမှာ မက်ဂွိုင်းယား Harry Maguire ကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ ခေါ်ယူခဲ့တဲ့ မန်ယူ၊ အိုင်ဗရီကို့စ် တောင်ပံကစားသမား ပီပီ Nicolas Pepe ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းနဲ့ ခေါ်ယူခဲ့တဲ့ အာဆင်နယ်အသင်းတို့ကတော့ ထိပ်ဆုံး(၁၀)သင်းစာရင်းမှာတောင် မပါခဲ့ဘဲ အဆင့်(၁၁)၊ (၁၃)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

REF:The Sun,Transfermarkt
Photo:The Sun,Manchester City Facebook
Naing Linn(Akhayar)
www.akhayar.com