ဒီနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေမှာတော့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ ရလဒ်ကောင်းခဲ့ကြပါတယ်။

အာဆင်နယ် ၂ – ၀ နာပိုလီ

နှစ်သင်းလုံးကတော့ လက်ရှိအကောင်းဆုံးလူစာရင်းတွေနဲ့ ပွဲထွက်ခဲ့ကြပြီး အာဆင်နယ်အသင်းက နာပိုလီကိုပိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်(၁၄)မိနစ်မှာပဲ အာဆင်နယ်အသင်း ဦးဆောင်ဂိုးစရခဲ့ပြီး ထုံးစံအတိုင်း နားလည်မှုပြည့်တဲ့  တွဲလုံးကနေ ရရှိလာတဲ့အခွင့်အရေးကို ရမ်ဆေး Ramsey က အကောင်းဆုံး အဆုံးသတ်ခဲ့တာပါ။ ပွဲချိန်(၂၅)မိနစ်မှာတော့ အာဆင်နယ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး တော်ရဲယား Torreira ရဲ့ကန်ချက် ကူလီဘလီ Koulibaly နဲ့ ထိပြီးလမ်းကြောင်းပြောင်းဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာလည်း ပွဲဟာ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ရင်ခုန်စရာကောင်းခဲ့ပါတယ်။ နာပိုလီအသင်းဟာ ရရှိခဲ့တဲ့ ဂိုးသွင်းခွင့်တချို့ကိုလွဲချော်ခဲ့သလို အာဆင်နယ်အသင်းရဲ့ အပိုင်ကန်ချက် တစ်ကြိမ်ကိုလည်း နာပိုလီဂိုးသမား Meret ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

Slavia Praha ၀ – ၁ ချယ်လ်ဆီး

အဝေးကွင်းမှာ ရလဒ်ကောင်းတစ်ခုရယူနိုင်ခဲ့ပေမယ့် Savia Praha အသင်းရဲ့ တုံပြန်အားကြောင့် ချယ်လ်ဆီးအသင်း ကစားရခက်ခဲခဲ့ပါတယ်။ ဒီပွဲမှာတော့ ချယ်လ်ဆီးအသင်းဟာ အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ပွဲပြီးခါနီးမှာရရှိခဲ့တဲ့ မားကို့စ်အလွန်ဆို Marcos Alonso ရဲ့ ဂိုးကြောင့်သာ အနိုင်ရရှိခဲ့တာပါ။ ဒီဂိုးကတော့ ကောင်းမွန်လှပတဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး ပွဲချိန်(၈၆)မိနစ်မှာ ၀ီလီယံ Willian တင်ပေးလိုက်တဲ့ ဘောလုံးကို မားကို့စ်အလွန်ဆို ကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ရလဒ်များ

Arsenal 2 – 0 Napoli
Villarreal 1 – 3 Valencia
Benfica 4 – 2 Eintracht Frankfurt
Slavia Praha 0 – 1 Chelsea

Photo: Chelsea Twitter , Arsenal Twitter
Ko Kyue(Akhayar)
www.akhayar.com