မနက်ဖြန် မနက်အစောပိုင်းမှာတော့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်တွေမှာ အင်္ဂလန်ကလပ်အသင်းတွေရလဒ်ကောင်းခဲ့တာကြောင့် ချန်ပီယံလိဂ်မှာလိုပဲ ယူရိုပါလိဂ်မှာရော All-English Final ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါ။

ဗလင်စီယာ – အာဆင်နယ် ( သောကြာမနက် ၁း၃၀ နာရီ )

ပထမအကျော့ရလဒ်က ပုံမှန်အတိုင်းဆို အာဆင်နယ်အတွက် ဗိုလ်လုပွဲတက်ဖို့က သေချာသလောက်ဖြစ်ပေမယ့် လက်ရှိ ဥရောပပွဲတွေမှာ မထင်မှတ်တဲ့ ပြန်လာနိုင်မှုတွေကို မြင်တွေ့နေရတာကြောင့် ဗလင်စီယာအသင်းလည်း ဒီလိုစွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။ ဒါပေမဲ့ ယူရိုပါလိဂ်ဟာ အာဆင်နယ်အတွက် ဒီရာသီမှာ မျှော်လင့်ခွင့်ရှိတဲ့ချန်ပီယံဆုဖလားတစ်လုံးဖြစ်သလို ယူရိုပါလိဂ်ကနေလည်း ချန်ပီယံလိဂ်ကို သွားဖို့ရည်ရွယ်ထားတာကြောင့် ဒီပွဲကို သေချာသတိထားကစားလာမှာပါ။ အာဆင်နယ်နည်းပြ အမ်မရီ Emery ကလည်း ယူရိုပါလိဂ်နဲ့ ကံစပ်တဲ့သူဖြစ်တာကြောင့် ဗိုလ်လုပွဲတက်မယ့် အသင်းအဖြစ်တော့ အာဆင်နယ်ကိုပဲရွေးချယ်ချင်ပါတယ်။ ပွဲရဲ့ ရလဒ်အနေနဲ့တော့ (၂)သင်းပေါင်းသွင်းဂိုးနည်းနည်းနဲ့ သရေကျသွားမယ်လို့ ထင်မိပါတယ်။

ချယ်လ်ဆီး – ဖရန့်ဖတ် ( သောကြာမနက် ၁း၃၀ နာရီ )

ပထမအကျော့မှာ သရေရလဒ်နဲ့ အဝေးဂိုးရယူနိုင်ခဲ့တာက ချယ်လ်ဆီးအသင်းအတွက် တော်တော်လေးကို ကောင်းမွန်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာဆို လုံးဝအမှားမခံတတ်တဲ့ အသင်းဖြစ်သလို ယူရိုပါလိဂ်က ဒီရာသီမှာ သူတို့အတွက် နောက်ဆုံး မျှော်လင့်ခွင့်ရှိတဲ့ချန်ပီယံဆုဖလားတစ်လုံးဖြစ်တာကြောင့် အိမ်ကွင်းမှာ ပေါက်ကွဲလာဖို့ရှိနေပါတယ်။ ချယ်လ်ဆီးအသင်း အနိုင်သေချာတဲ့ ပွဲစဉ်ဖြစ်ပြီး(၂)ဂိုးပြတ်လောက်နဲ့ နိုင်ဖို့ရှိသလို (၂)သင်းပေါင်းသွင်းဂိုးလည်းများနိုင်ပါတယ်။

Photo: Arsenal Twitter , Chelsea Twitter
Ko Kyue(Akhayar)
www.akhayar.com