မနက်ဖြန် မနက်အစောပိုင်းမှာတော့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ All English Final လန်ဒန်ဒါဘီ ယူရိုပါလိဂ်ပွဲစဉ် ရှိနေတာကြောင့် ပွဲကောင်းတစ်ပွဲကို ခံစားရဖို့ရှိနေပြီး ဘယ်အသင်းက ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ချယ်လ်ဆီး – အာဆင်နယ် ( ကြာသပတေးမနက် ၁း၃၀ နာရီ )

ဥရောပချန်ပီယံဆုဖလားတစ်လုံးကို ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး(၂)သင်းလုကြမှာဖြစ်တာကြောင့် ပွဲကပုံမှန်ထက်ပို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါပေမဲ့ (၂)သင်းလုံးရဲ့ လက်ရှိအနေအထားမှာတော့ ချယ်လ်ဆီးအသင်းမှာ အနာအဆာတွေများနေပြီး ကွန်တေ Kante ရဲ့ ဒဏ်ရာပြဿနာအခြေအနေ ၊ ဟာဇက် Hazard ရဲ့ အပြောင်းအရွှေ့သတင်းနဲ့ နည်းပြဆာရီ Sarri နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ သတင်းတွေက အသင်းကို မငြိမ်မသက်ဖြစ်စေတာအမှန်ပါပဲ။ ဒီလိုအချိန် ဗိုလ်လုပွဲမတိုင်မီ လေ့ကျင့်ခန်းအစီအစဉ်မှာ ဟီဂွါအင် Higuain နဲ့ ဒေးဗစ်လူးဝစ်ဇ် David Luiz တို့ပြဿနာဖြစ်ခဲ့တာကြောင့် နည်းပြဆာရီ ဒေါသပေါက်ကွဲခဲ့ပြီး အသင်းရဲ့လိုဂိုပါဦးထုပ်ကို ကန်ခဲ့တာကြောင့် အသင်းရဲ့စည်းလုံးမှုပိုင်း ထိခိုက်မှုတွေရှိနေပါတယ်။ ဒီပွဲမှာလည်း ချယ်လ်ဆီးအသင်းဟာ ထုံးစံအတိုင်း ဟာဇက် ကိုတည်ပြီး သူ့ရဲ့တစ်ကိုယ်တော်အစွမ်းတွေနဲ့ Space ရှာသွားမှာဖြစ်တာကြောင့် ဟာဇက် ကို အာဆင်နယ်အသင်း ထိန်းချုပ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

အာဆင်နယ်အသင်းမှာတော့ ဘာပြဿနာမှမရှိဘဲ တည်ငြိမ်နေသလို အူဘာမီယန်း Aubameyang ၊ လာကာဇက် Lacazette တို့ တိုက်စစ်အတွဲကလည်း အကောင်းဆုံးမှာရှိနေပြီး ပွဲအဖြေကို အချိန်မရွေးပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေဖြစ်ကြတာကြောင့် ချယ်လ်ဆီးခံစစ်ပိုင်း သတိကြီးကြီးထားသွားဖို့လိုအပ်ပါတယ်။ ဒီပွဲအနိုင်ရရှိရင် အာဆင်နယ် ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်သလို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ချန်ပီယံဆုကိုရရှိမှာဖြစ်တာကြောင့် ပုံမှန်ထက်ပိုကြိုးစားလာမှာသေချာပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီ Unai Emery ဟာလည်း ယူရိုပါလိဂ်ချန်ပီယံဆုနဲ့ ကံစပ်သူဖြစ်ပြီး ချန်ပီယံဆုကို(၃)ကြိမ်ရယူထားသလို ဒီပွဲအနိုင်ရရင် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး နည်းပြအဖြစ် တစ်ဦးတည်းမှတ်တမ်းတင်နိုင်မှာဖြစ်တာကြောင့် ဒီမှတ်တမ်းကောင်းကို အရယူနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

ဒါကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်ခင် အဲဒီပွဲနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ ကိန်းဂဏန်းတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁ – ဒီပွဲမှာ ချယ်လ်ဆီးအသင်းအနိုင်ရရှိခဲ့ရင် နည်းပြဆာရီ အတွက် ပထမဆုံးအကြိမ် အဓိကဆုဖလားအောင်မြင်မှုဖြစ်လာမှာဖြစ်ပါတယ်။

၃ – အာဆင်နယ်နည်းပြ အမ်မရီ ဟာ ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ချန်ပီယံဆုကို (၃)နှစ်ဆက်ရရှိထားပါတယ်။

၅ –  အာဆင်နယ်အသင်းဟာ ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ clean sheets (၅)ပွဲဆက်ရရှိခဲ့ပါတယ်။

၇ – ချယ်လ်ဆီးတောင်ပံ ကစားသမား ၀ီလီယံ Willian ဟာ ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု(၇)ကြိမ်ပြုလုပ်ထားပါတယ်။

၈ – ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း Aubameyang ဟာ သွင်းဂိုး(၈)ဂိုးသွင်းယူထားပါတယ်။

၁၀ – ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးတိုက်စစ်မှူး ဂျရူး Giroud ဟာ သွင်းဂိုး(၁၀)ဂိုးသွင်းယူထားပါတယ်။

၁၁ – ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်နဲ့ ချယ်လ်ဆီး (၂)သင်းလုံးဟာ မိနစ်(၉၀)အတွင်း နိုင်ပွဲ(၁၁)ပွဲစီရရှိထားကြပါတယ်။

၁၇ – ချယ်လ်ဆီးအသင်းဟာ  ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဧပြီ ၂၀၁၃ ကတည်းက ပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၇)ပွဲဆက်ရှုံးပွဲမရှိ စံချိန်ကိုပိုင်ဆိုင်ထားပါတယ်။

၉၃ – ၂၀၁၃ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ နောက်ခံလူ အိုင်ဗန်နိုဗစ် Ivanovic ဟာ ချယ်လ်ဆီးအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန်(၉၃)မိနစ်မှာ ဘင်ဖီကာအသင်းဘက်ကို သွင်းယူခဲ့ပါတယ်။

Photo: Goal.com , Yahoo Finance , Daily Mail
Ko Kyue(Akhayar)
www.akhayar.com