အင်္ဂလန် ၄ – ၀ ဘူလ်ဂေးရီးယား

မနေ့ညက ကစားခဲ့တဲ့ အင်္ဂလန် – ဘူလ်ဂေးရီးယားပွဲဟာ အင်္ဂလန်အသင်းအတွက် အခက်အခဲသိပ်မရှိခဲ့ပါဘူး။ နည်းပြဆောက်ဂိတ် Southgate လက်ထက်မှာ အမြဲလိုလိုပုံမှန်ခြေစွမ်းကို ပြသနေပြီး နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတိုင်းကို အနိုင်ကစားနိုင်တာက အင်္ဂလန်အသင်းရဲ့ တိုးတက်မှုတစ်ခုလို့ ပြောရပါလိမ့်မယ်။ ဒီပွဲမှာတော့ အင်္ဂလန်အသင်းဟာ ဘူလ်ဂေးရီးယားကို အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အဖွင့်ဂိုးတစ်ဂိုးရဖို့ အတွက်တော့ တော်တော်လေးကို ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန်(၂၄)မိနစ်မှာ အင်္ဂလန်အသင်း အဖွင့်ဂိုးစရခဲ့ပြီး ဘူလ်ဂေးရီးယားခံစစ်အမှားကနေ ရရှိလာတဲ့ ဘောလုံးကို စတာလင် Sterling ချိုးပေးခဲ့ရာမှာ အသင့်ရှိနေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း Kane ကကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက် ဒုတိယဂိုးကိုလည်း ဟယ်ရီကိန်း ကပဲ ရက်ရှ်ဖို့ဒ် Rashford ကြောင့်ရရှိခဲ့တဲ့ ပယ်နယ်တီကို ပွဲချိန်(၄၉)မိနစ်မှာ အဆုံးသတ်ခဲ့တာပါ။ (၂)ဂိုးပြတ် ဦးဆောင်ပြီးမှာတော့ ပွဲက အင်္ဂလန်အသင်းအတွက် ပိုလွယ်သွားခဲ့သလို ပွဲချိန်(၅၅)မိနစ်မှာ ဟယ်ရီကိန်း ရဲ့ ဖန်တီးမှုကနေ စတာလင် ကပိတ်သွင်းပြီး တတိယဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ပွဲချိန်(၇၃)မိနစ်မှာတော့ အင်္ဂလန်အသင်းအတွက် စတုတ္ထဂိုး ဒီနေ့ပွဲရဲ့သူ့အတွက် ဟက်ထရစ်ဖြစ်စေမယ့် ဂိုးကိုတော့ ဟယ်ရီကိန်း ကပဲ ပယ်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာတော့ ဟယ်ရီကိန်း က အင်္ဂလန်အသင်းရရှိခဲ့တဲ့(၄)ဂိုးလုံးမှာ ပါဝင်ပတ်သက်ခဲ့ပြီး (၃)ဂိုးသွင်း ၊ (၁)ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဟယ်ရီကိန်း ဟာ ၀င်ဘာလေကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာ နိုင်ငံ ၊ ကလပ်(၂)သင်းပေါင်း ပယ်နယ်တီ(၅)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်အသင်းဟာ ယူရို(၂၀၂၀)ခြေစစ်ပွဲ(၃)ပွဲကစား အပြီးမှာ (၃)ပွဲလုံး အနိုင်ရရှိထားပါတယ်။

ဆာဘီးယား ၂ – ၄ ပေါ်တူဂီ

ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆာဘီးယား – ပေါ်တူဂီပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းအနေနဲ့ လွယ်လွယ်ကူကူနိုင်ခဲ့တာမဟုတ်ဘဲ ဆာဘီးယားအသင်းရဲ့ တုံ့ပြန်အားကလည်း တော်တော်လေးကို ကောင်းမွန်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ပေါ်တူဂီအသင်းဟာ တစ်ဦးချင်းစွမ်းရည်ပြည့်ဝတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားလို့သာ နိုင်ပွဲရရှိခဲ့တာပါ။ ပေါ်တူဂီအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲချိန်(၄၂)မိနစ်မှာ ဆာဘီးယားဂိုးသမားနဲ့ ခံစစ်ရဲ့ နားလည်မှုလွဲတဲ့ အနေအထားကနေ ရရှိလာတဲ့ အခွင့်အရေးကို ၀ီလီယံကာဗယ်လ်ဟို William Carvalho က သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၅၈)မိနစ်မှာတော့ ပေါ်တူဂီအသင်း ဒုတိယဂိုးထပ်ရခဲ့သလို Guedes က တစ်ကိုယ်တော်အစွမ်းနဲ့ ကောင်းမွန်တဲ့ကန်ချက်တို့ကို ပေါင်းစပ်ပြီး ဂိုးသွင်းယူခဲ့တာပါ။ ပွဲချိန်(၆၈)မိနစ်မှာ မီလင်ကိုဗစ် Milenković က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ဆာဘီးယားအတွက် ချေပဂိုးသွင်းယူခဲ့ပေမယ့် မိနစ်(၈၀)မှာ စီရော်နယ်လ်ဒို Cristiano Ronaldo က ပေါ်တူဂီအသင်းအတွက် တတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲချိန်(၈၅)မိနစ်မှာ မီထရိုဗစ် Mitrović က ဆာဘီးယားအသင်းအတွက် ဒုတိယချေပဂိုးကို ပြင်းထန်တိကျတဲ့ ကန်ချက်နဲ့ သွင်းယူပေးခဲ့တာကြောင့် လက်ကျန်မိနစ်အနည်းငယ်မှာ သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်မလားဆိုပြီး စိတ်ဝင်စားစရာဖြစ်ခဲ့ပေမယ့် (၁)မိနစ်အကြာ ပွဲချိန်(၈၆)မိနစ်မှာပဲ ဘာနာဒိုဆေးဗားလ် Bernardo Silva က ပေါ်တူဂီအသင်းအတွက် စတုတ္ထဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ပေါ်တူဂီအသင်းအတွက် ယူရို(၂၀၂၀)ခြေစစ်ပွဲ(၃)ပွဲကစားအပြီး ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပါတယ်။

ယူရို(၂၀၂၀)ခြေစစ်ပွဲ ရလဒ်များ

Kosovo 2 – 1 Czech Republic
England 4 – 0 Bulgaria
Lithuania 0 – 3 Ukraine
Iceland 3 – 0 Moldova
Serbia 2 – 4 Portugal
Turkey 1 – 0 Andorra
France 4 – 1 Albania

Photo: England Twitter , Fox Sports , The Sun
Ko Kyue(Akhayar)
www.akhayar.com