ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ Ernesto Valverde က အသင်းရဲ့အဓိကတိုက်စစ်မှူး မက်ဆီ Lionel Messi ဟာ လာလီဂါရာသီအဖွင့်ပွဲကို လွဲချော်မယ်လို့ အတည်ပြုလိုက်ပါပြီ။ ဘာစီလိုနာအသင်းဟာ ၂၀၁၉-၂၀ ရာသီ လာလီဂါအဖွင့်ပွဲအဖြစ် သောကြာည( မြန်မာစံတော်ချိန် စနေမနက် ၁း၃၀)မှာ ဘီလ်ဘာအိုအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လက်ရှိချန်ပီယံဘွဲ့ကာကွယ်ဖို့အတွက် ရာသီသစ်မှာ အစကောင်းဖို့ လိုနေပေမယ့် မက်ဆီကတော့ ခြေသလုံးဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဒါဟာ (၁၀)နှစ်တာကာလအတွင်း ရာသီအဖွင့်ပွဲကို မက်ဆီ ပထမဆုံးအကြိမ် လွဲချော်မှာလည်းဖြစ်ပါတယ်။

ဗယ်လ်ဗာဒီက “ဒီပွဲမှာ မက်ဆီကို ကျွန်တော်တို့ အရဲစွန့်ကစားခိုင်းမှာ မဟုတ်ပါဘူး။ အခုအချိန်အထိ သူဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း မဆင်းနိုင်သေးပါဘူး။ မက်ဆီရဲ့အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်နေဆဲပါပဲ။ ဒါပေမဲ့ သူ့ဒဏ်ရာအခြေအနေက တိုးတက်မှုတော့ရှိလာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ (၃၄)ပွဲကစား၊ (၃၆)ဂိုးအထိ သွင်းယူခဲ့တဲ့ မက်ဆီဟာ လာလီဂါသွင်းဂိုးအများဆုံး (ပီချီချီ)ဆု၊ ဥရောပလိဂ်သွင်းဂိုးအများဆုံး ရွှေဖိနပ်(ESM)ဆုတွေကို ရရှိခဲ့သူပါ။ မက်ဆီဟာ ဘီလ်ဘာအိုနဲ့ပွဲကို လွဲချော်မှာဖြစ်ပေမယ့် နောက်တစ်ပတ်ကျရင် ကစားမယ့် ဘက်တစ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိနေပါပြီ။

REF:Daily Mail
Photo:Getty Images,
Naing Linn(Akhayar)
www.akhayar.com