“King Eric” လို့ မန်ယူပရိသတ်တွေ နာမည်ပြောင်ပေးခဲ့ကြတဲ့ ကန်တိုနာ Eric Cantona ဟာ ကစားသမားဘ၀တစ်လျှောက် ကလပ်အသင်းတော်တော်များများမှာ ကစားခဲ့ဖူးပေမယ့် သူ အဓိက အောင်မြင်ခဲ့တာက လိဒ်စ်နဲ့ မန်ယူအသင်းမှာဖြစ်ပါတယ်။ ခြေစွမ်းကောင်းသလောက် စိတ်ကြီးတဲ့သူဖြစ်ပြီး အ၀ါတွေ၊ အနီတွေက ကန်တိုနာရဲ့ သူငယ်ချင်းလို့တောင်ပြောရမယ်။ ပဲလေ့စ်ပရိသတ်တစ်ဦးကို ကွန်ဖူးကစ်နဲ့ ကန်ခဲ့လို့ (၈)လပွဲပယ်ခံခဲ့ရတဲ့ အဖြစ်အပျက်ကလည်း အခုအချိန်အထိ ပရိသတ်တွေ ပါးစပ်ဖျားမှာ ပြေစမှတ်ဖြစ်နေဆဲပါ။

၁၉၉၂ ဇန်န၀ါရီလမှာ ပြင်သစ်ကလပ် Nîmes အသင်းကနေ လိဒ်စ်အသင်းကို ပြောင်းရွှေ့ခဲ့သူ ကန်တိုနာဟာ အင်္ဂလန်မြေမှာ လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့သလို လိဒ်အသင်းနဲ့အတူ တောက်ပလာတဲ့ ကန်တိုနာကို မန်ယူနည်းပြကြီး ဖာဂူဆန် Alex Ferguson က ၁၉၉၂၊ နိုဝင်ဘာလမှာ ပေါင်(၁.၂)သန်းအထိ ပေးပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကန်တိုနာရဲ့ မန်ယူကစားသမားဘ၀က အတိုင်းအထက်အလွန် အောင်မြင်ခဲ့ပြီး ဂန္ထ၀င်ကစားသမားအဖြစ် သတ်မှတ်ခံရတဲ့အထိပါပဲ။ ဒါပေမဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဂုဏ်ယူစရာကောင်းတဲ့ ပထမဆုံးဟက်ထရစ် သွင်းယူခဲ့သူ စံချိန်ကိုတော့ မန်ယူကစားသမားဘ၀မှာ တင်ရှိခဲ့တာ မဟုတ်ပါဘူး။ ၁၉၉၂၊ သြဂုတ်လ (၂၅)ရက်တုန်းက စပါးအသင်းကို (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ လိဒ်စ်အသင်းအတွက် သွင်းယူခဲ့တာဖြစ်ပါတယ်။ ၁၉၉၂-၉၃ ရာသီမှာ ပရီးမီးယားလိဂ်လို့ စတင်အမည်ပြောင်းလဲခဲ့ပြီး အဲဒီရာသီမှာပဲ ကန်တိုနာက ဟက်ထရစ်သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးဟက်ထရစ်သွင်းယူခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာပါ။ ကန်တိုနာဟာ အဲဒီမတိုင်ခင် ရာသီအဖွင့်ဖြစ်တဲ့ လီဗာပူးလ်နဲ့ ချာရတီဒိုင်း(ကွန်မြူနတီဒိုင်း)ပွဲမှာလည်း ဟက်ထရစ်သွင်းယူခဲ့ပါသေးတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်မှာ ပထမဆုံး ဟက်ထရစ်ပိုင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကန်တိုနာ ပိုင်ဆိုင်ခဲ့တာ (၂၇)နှစ်ကြာရှိလာပါပြီ။ ပရီးမီးယားလိဂ်မှာ ဘယ်လိုစံချိန်သစ်တွေပဲ ထွက်ပေါ်လာပါစေ၊ ကန်တိုနာရဲ့ စံချိန်ကတော့ ရာသက်ပန် တည်တံ့နေမှာပဲဖြစ်ပါတော့တယ် . .

အင်္ဂလန်မြေမှာ ကန်တိုနာရဲ့ အောင်မြင်မှုများ

Leeds United
Football League First Division: 1991–92
FA Charity Shield: 1992

Manchester United
Premier League: 1992–93, 1993–94, 1995–96, 1996–97
FA Charity Shield: 1993, 1994, 1996
FA Cup: 1993–94, 1995–96

REF:Premier League
Photo: leeds-live,Getty Images
Naing Linn(Akhayar)
www.akhayar.com