အင်္ဂလန်အသင်းဟာ ကိုဆိုဗိုနဲ့ကစားခဲ့တဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ (၅-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နိုင်ငံတကာခြေစစ်ပွဲတွေမှာ (၁၀)နှစ်အတွင်း ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက ယူကရိန်းနဲ့ အဝေးကွင်းကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲလုံးဝမရှိတာ့ဘဲ အခုဆိုရင် (၄၃)ပွဲအထိရှိလာပါပြီ။ အဲဒီကာလတစ်လျှောက်မှာ အင်္ဂလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ(၄)ဦးရှိပြီး ကာပယ်လို Fabio Capello ၊ ဟော့ဒ်ဆန် Roy Hodgson ၊ အလာဒွိုက်စ် Sam Allardyce (တစ်ပွဲသာ ကိုင်တွယ်ခဲ့ရ)နဲ့ အခုလက်ရှိနည်းပြ ဆောက်ဂိတ် Gareth Southgate တို့ဖြစ်သလို (၄၃)ပွဲမှာ (၃၄)ပွဲအနိုင်ကစားခဲ့ပါတယ်။

(၁၀)နှစ်တာကာလအတွင်း အင်္ဂလန်အသင်းကစားခဲ့တဲ့ ယူရို၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်တွေမှာ ချက်၊ ခရိုအေးရှား၊ ဆွစ်ဇာလန်၊ ပိုလန်တို့လို ခြေစွမ်းမာကျောတဲ့ အသင်းတွေနဲ့ ဆုံတွေ့ခဲ့ပေမယ့် အင်္ဂလန်အသင်းက အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီ(၄၃)ပွဲမှာ ရှုံးပွဲတွေ့ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တာက ၂၀၁၇ ခုနှစ်တုန်းက စကော့တလန်နဲ့ အဝေးကွင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်ပြီး (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံးမိနစ်ကျမှ ဟယ်ရီကိန်း Harry Kane က ချေပဂိုးသွင်းယူခဲ့တာကြောင့် ရှုံးပွဲမတွေ့ခဲ့တာပါ။ အင်္ဂလန်အသင်းဟာ မွန်တီနီဂရိုးနဲ့ (၃)ပွဲသရေ၊ ယူကရိန်းနဲ့ (၂)ပွဲသရေ၊ ပိုလန်၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်တို့နဲ့ သရေကျခဲ့ပြီး (၄၃)ပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့တာက ဆန်မာရီနို (၈-၀ ၂၀၁၃)၊ ချက်(၅-၀ ၂၀၂၀)တို့နဲ့ပွဲတွေမှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ဒီမှတ်တမ်းကောင်းကို ဘယ်အချိန်အထိ ဆက်ထိန်းထားမလဲဆိုတာ စောင့်ကြည့်ရမှာပါ . .

REF:Daily Mail
Photo:England football team Facebook
Naing Linn(Akhayar)
www.akhayar.com