အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီ Unai Emery ကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် ဦးနှောက်ချောက်စရာ ကိစ္စနဲ့ရင်ဆိုင်နေရပါပြီ။ အဲဒါကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဂိုးသမားအဖြစ် ဘယ်သူ့ကို အသုံးပြုမလဲဆိုတာပါ။ အသင်းဟောင်း ချယ်လ်ဆီးနဲ့ပြန်ရင်ဆိုင်ရမယ့်အပြင် အာဆင်နယ်အသင်းအတွက် နောက်ဆုံးနှုတ်ဆက်ပွဲလို့ သတ်မှတ်ရမယ့် ၀ါရင့်ဂိုးသမား ပီတာချက် Petr Cech ကိုပဲ ပွဲထုတ်မလား ဒါမှမဟုတ် နှလုံးသားဆန္ဒထက် ဖြစ်သင့်တာကိုရွေးချယ်ပြီး လေနို Bernd Leno ကိုပဲ အသုံးပြုမလားဆိုတာက အမ်မရီအတွက် ဖြေရှင်းရခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေပါပြီ။ ဂန်းနားပရိသတ်တွေကတော့ ဒီရာသီ သူတို့အသင်းရဲ့ နောက်ဆုံးဆုဖလားမျှော်လင့်ချက်ဖြစ်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပီတာချက်ထက် လေနိုကို ပွဲထုတ်ဖို့ ဆန္ဒရှိနေကြပါတယ်။ ပီတာချက်ဟာ ဒီပွဲပြီးရင် ဘောလုံးသမားဘ၀ကနေ အနားယူတော့မှာဖြစ်ပြီး အသင်းဟောင်း ချယ်လ်ဆီးအသင်းရဲ့ အားကစားဒါရိုက်အဖြစ် တာဝန်ယူဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အာဆင်နယ်ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ Tony Cascarino က “ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပီတာချက်ကို မသုံးသင့်ပါဘူး။ ဒီလိုပြောရတာက လန်ဒန်မြို့ခံပြိုင်ဘက်ချယ်လ်ဆီးအသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူဖို့ရှိတယ်ဆိုတဲ့ အချက်ကြောင့်မဟုတ်ဘဲ လက်ရှိအချိန်မှာ ပီတာချက်ရဲ့ စွမ်းဆောင်ရည်က လေနိုနဲ့ အများကြီးကွာဟသွားပြီဖြစ်လို့ပါပဲ”လို့ သုံးသပ်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပီတာချက်ကိုပဲ သုံးသင့်သလား ဒါမှမဟုတ် လေနိုကိုပဲ ပွဲထွက်ခွင့်ပေးသင့်သလား။ ဒီမေးခွန်းမဖြေခင် ဒီကစားသမားနှစ်ဦးရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်ရအောင် . .ဂျာမန်ဂိုးသမားလေနိုဟာ ဒီရာသီမှာ ပီတာချက်ထက် ပိုပွဲထွက်ခွင့်ရခဲ့ပြီး (၃၆)ပွဲကစားခဲ့ပေမယ့် ပီတာချက်က (၂၁)ပွဲသာ ကစားခဲ့ရပါတယ်။ ဒီရာသီအစမှာ အမ်မရီက ပီတာချက်ကို ပုံမှန်ပွဲထွက်ခွင့်ပေးခဲ့ပြီး ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရချိန်မှာ လေနိုဟာ ပွဲထွက်ကစားခွင့်ရသလို လက်စွမ်းပြနိုင်ခဲ့လို့ ပုံမှန်ကစားခွင့်ရခဲ့ပါတယ်။

ဒီဂိုးသမားနှစ်ဦးရဲ့ ပျမ်းမျှ ပေးဂိုးအရေအတွက်ကို ကြည့်ရင် ပီတာချက်က (၁.၀၅)ဂိုး၊ လေနိုက (၁.၂၅)ဂိုးရှိတာကြောင့် ပီတာချက်ဟာ အနည်းငယ်သာသလိုဖြစ်နေပါတယ်။ ဂိုးသမားနှစ်ဦးစလုံးဟာ Clean Sheet (၈)ပွဲစီ ရရှိခဲ့လို့ ပျမ်းမျှအားဖြင့် ပီတာချက်က (၀.၃၈)ရာခိုင်နှုန်း၊ လေနိုက (၀.၂၂)ရာခိုင်နှုန်းရှိနေပါတယ်။ ဂိုးပေါက်ကာကွယ်မှုနှုန်းမှာတော့ ပီတာချက်က (၇၁.၁)ရာခိုင်နှုန်း၊ လေနိုက (၇၁.၅)ရာခိုင်နှုန်းရှိတာကြောင့် ဒီအပိုင်းမှာ လေနိုက နည်းနည်းပြန်သာသွားပြန်တယ်။ အဓိကအချက်ဖြစ်တဲ့ အမှားကြောင့် ဂိုးပေးလိုက်ရမှုမှာ ပီတာချက်ဟာ လေနိုကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပြီး တစ်ဂိုးမှ မပေးခဲ့ရပေမယ့် လေနိုကတော့ (၅)ဂိုးအထိ ပေးခဲ့ရပါတယ်။ လေနိုဟာ ပီတာချက်ထက် ပွဲကစားချိန်မိနစ် ပိုများတာကြောင့် ဂိုးပေးရမှု များခဲ့ပေမယ့် ဂိုးပေါက်ကာကွယ်မှုမှာတော့ (၁၁၄)ကြိမ်အထိ ရှိခဲ့ပြန်တယ်။ ပရိသတ်ကြီးရေ .. ဂိုးသမားနှစ်ဦးစလုံးကတော့ အားနည်းချက်၊ အားသာချက်တွေရှိနေတာကြောင့် ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးရမလဲဆိုတာ ခေါင်းစားစရာပါပဲ။ ပရိသတ်တွေရော ချယ်လ်ဆီးနဲ့ပွဲမှာ ဘယ်ဂိုးသမားကို ပွဲထုတ်သင့်လဲဆိုတာ အမြင်လေးတွေ ပြောခဲ့ပါလား . .

REF:thesun
Photo:The Times,Metro,The Independent
Naing Linn(Akhayar)
www.akhayar.com