၂၀၁၉ အာဖရိကဖလားပြိုင်ပွဲမှာ မထင်မှတ်ဘဲ (၁၆)သင်းရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရတဲ့ အိမ်ရှင် အီဂျစ်အသင်းဟာ ၀ါရင့်နည်းပြအဂွီရီး Aguirre ကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ အီဂျစ်အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆု(၇)ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပေမယ့် ၂၀၁၀ ခုနှစ်က နောက်ဆုံးချန်ပီယံဖြစ်ထားတာကြောင့် အခု ၂၀၁၉ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရည်ရွယ်ထားပေမယ့် (၁၆)သင်းရှုံးထွက်အဆင့်မှာတင် တောင်အာဖရိကအသင်းကို ( ၀ – ၁ )နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ နည်းပြအဂွီရီး ကို အီဂျစ်အသင်းဟာ ၂၀၁၈ သြဂုတ်လတုန်းက အသင်းရဲ့နည်းပြသစ်အဖြစ် (၄)နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ဇူလိုင်လမှာတော့ ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ အီဂျစ်အသင်းဟာ နည်းပြအဂွီရီး လက်ထက်မှာ တိုးတက်မှုတွေရှိလာခဲ့ပေမယ့် ဒီပြိုင်ပွဲမှာတော့ မထင်မှတ်ဘဲ (၁၆)သင်းရှုံးထွက်အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

နည်းပြအဂွီရီး ဟာ အီဂျစ်အသင်းကို(၁၂)ပွဲ တာဝန်ယူကိုင်တွယ်ခဲ့သလို (၉)ပွဲနိုင် ၊ (၁)ပွဲသရေ ၊ (၂)ပွဲရှုံးရလဒ်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်းအနေနဲ့ (၇၅)ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ အီဂျစ်အသင်း ၂၀၁၉ အာဖရိကဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် အသင်းရဲ့ဥက္ကဌ Hany Abo Rida ကလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အီဂျစ်အသင်းအတွက်တော့ ဒီရှုံးပွဲဟာ အသင်းအပေါ်တော်တော်လေးကို ရိုက်ခတ်မှုကြီးမားပြီး နည်းပြနဲ့ဥက္ကဌတို့ကို ဆုံးရှုံးခဲ့ရတာပါ ။ ၂၀၁၉ အာဖရိကဖလားပြိုင်ပွဲမှာတော့ အီဂျစ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်ကစားသမား ဆာလာ Salah ဟာ အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Ref: BBC Sports
Photo: Egypt Twitter
Ko Kyue(Akhayar)
www.akhayar.com