ချယ်လ်ဆီး နာမည်ကျော် တောင်ပံကစားသမား ဟာဇက် Eden Hazard နဲ့ လာလီဂါထိပ်သီးကလပ် ရီးယဲလ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ လာမယ့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာဖို့ရှိနေပြီလို့ စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ရီးယဲလ်အသင်းဟာ ဟာဇက်ကို ခေါ်ဖို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့နေရာကို အစားထိုးဖို့အတွက် ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။ စပိန်နာမည်ကျော် အားကစားသတင်းစာ Marca က ရီးယဲလ်အသင်းဟာ ဟာဇက်ကို လာမယ့်ရက်ပိုင်းအတွင်း (၆)နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ နီးစပ်နေပြီလို့ ဖော်ပြခဲ့တာပါ။

ဟာဇက်အနေနဲ့ မက်ဒရစ်မြို့ကို သွားပြီး ရီးယဲလ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့လည်း Marca သတင်းစာက ဖော်ပြခဲ့ပါသေးတယ်။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်း Zinedine Zidane ကလည်း လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို ရင်ဘောင်တန်းနိုင်ဖို့ ဟာဇက်ဟာ အသင်းအတွက် အသင့်တော်ဆုံးကစားသမားလို့ ယုံကြည်နေပြီး ဟာဇက်ကို အရင်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိကတည်းက အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ဒီရာသီပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအတွက် (၁၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၂)ကြိမ်ပြုလုပ်ထားသူပါ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Maurizio Sarri ကတော့ ဟာဇက်ကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေပေမယ့် ကစားသမားကိုယ်တိုင်က ရီးယဲလ်အသင်းကို ပြောင်းရွှေ့လိုနေတာကြောင့် ရီးယဲလ်နဲ့ ဟာဇက်တို့ရဲ့ အပြောင်းအရွှေ့က Marca သတင်းစာ ဖော်ပြခဲ့သလို လာမယ့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရမှဖြစ်ပါတယ် . .

REF:Daily Mail,Marca
Photo:Getty Images,The Sun
Naing Linn(Akhayar)
www.akhayar.com