ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ဟာဇက် Eden Hazard ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အဖွဲ့အစည်း (PFA)က ရွေးချယ်ချီးမြှင့်တဲ့ PFA Fans’ Player of the Year ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဟာဇက်ဟာ မဲအရေအတွက် (၃၄)ရာခိုင်နှုန်းအထိရရှိခဲ့ပြီး တခြားနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗား Bernardo Silva ၊ အဂွဲရိုး Sergio Aguero ၊ စတာလင် Raheem Sterling ၊ ဗန်ဒိုက် Virgil van Dijk ၊ မာနေး Sadio Mane တို့ကို ကျော်ဖြတ်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဟာဇက်ဟာ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၅)ကြိမ်ပြုလုပ်ခဲ့ပြီး သူပါဝင်ပတ်သက်ခဲ့တဲ့ ဂိုးအရေအတွက်က (၃၁)ဂိုးအထိရှိတာကြောင့် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အများဆုံးဖြစ်ခဲ့ပါတယ်။

ဟာဇက်ဟာ PFA Team of the Year စာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိသလို PFA Players’ Player of the Year ဆုနဲ့လည်း လွဲချော်ခဲ့ပေမယ့် ပရိသတ်တွေက ရွေးချယ်တဲ့ PFA Fans’ Player of the Year ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါ့အပြင် ၂၀၁၈-၁၉ ရာသီ ဂိုးဖန်တီးမှုအများဆုံးဆု ရရှိခဲ့တဲ့အပြင် ချယ်လ်ဆီးအသင်းရဲ့ (၁)နှစ်တာအကောင်းဆုံးဆုတွေဖြစ်တဲ့ Player of the Year ၊ အသင်းဖော်တွေက ရွေးချယ်တဲ့ Players’ Player of the Year ဆု၊ ၂၀၁၉ အကောင်းဆုံးသွင်းဂိုးဆုတွေ ရရှိခဲ့ပြီး (၁)နှစ်အတွင်း ဒီဆုတွေအကုန်လုံး ရရှိခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။ PFA Fans’ Player of the Year ဆုကို ၂၀၀၅ ခုနှစ်တုန်းက ချယ်လ်ဆီးကစားသမားဟောင်း လမ်းပတ် Frank Lampard က ဆွတ်ခူးရရှိခဲ့ပြီး အခု ဟာဇက်ဟာ ဒီဆုကို ဆွတ်ခူးခဲ့တဲ့ ဒုတိယမြောက် ချယ်လ်ဆီးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ အခုလာမယ့် ဗုဒ္ဓဟူးညမှာ အာဆင်နယ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး အဲဒီပွဲအပြီးမှာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

PFA Fans’ Player of the Year ဆုရရှိခဲ့သူများစာရင်းကို ကြည့်ရန်လင့်ခ်

REF:chelseafc
Photo:Airtel Football,
Naing Linn(Akhayar)
www.akhayar.com