လာမယ့်ရာသီမှာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်နေတဲ့ ချယ်လ်ဆီး တောင်ပံကစားသမား ဟာဇက် Eden Hazard ဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာကြောင့် သူ့ကို လက်လွှတ်ခံလိုက်ရရင်တော့ ချယ်လ်ဆီးအသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာဖို့ ရှိနေပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ၀က်စ်ဟမ်းကို (၂)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ အဖွင့်ဂိုးကို ၀က်စ်ဟမ်းကစားသမား (၅)ဦးအထိ ကျော်ဖြတ်သွင်းယူခဲ့သလို ဒုတိယအနိုင်ဂိုးကိုလည်း သွင်းယူခဲ့တဲ့သူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့ လက်ကျန်(၅)ပွဲသာ လိုတော့ချိန်မှာ ချယ်လ်ဆီးအသင်း သွင်းဂိုးတွေအတွက် ဟာဇက်ပါဝင်ပတ်သက်မှုက (၂၈)ကြိမ်အထိရှိနေပြီး ဒါဟာ ဒီရာသီမှာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်(၃၂)ပွဲကစား (၁၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၂)ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးအသင်းသွင်းယူခဲ့တဲ့ သွင်းဂိုးထက်ဝက်က သူ့ကြောင့်ရခဲ့တာလို့ပြောရမှာပါ။ ဟာဇက်ရဲ့နောက်မှာတော့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး Sergio Aguero က ရပ်တည်နေပြီး အဂွဲရိုးဟာ (၁၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၇)ကြိမ်အထိပြုလုပ်ထားပါတယ်။

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com