ချယ်လ်ဆီးအသင်းကို ယူရိုပါလိဂ်ဖလားရယူပေးခဲ့တဲ့ ဟာဇက် Eden Hazard ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းကနေထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ အာဆင်နယ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် (၂)ဂိုးသွင်းယူခဲ့ပြီး နည်းပြဆာရီ Maurizio Sarri အတွက် ပထမဆုံးချန်ပီယံဆုဖလား ရရှိအောင် ကူညီပေးခဲ့ပါတယ်။ အဲဒီပွဲအပြီး BT နဲ့ရုပ်သံအင်တာဗျူးမှာ ဟာဇက်က ချယ်လ်ဆီးအသင်းက ထွက်ခွာတော့မယ်လို့ ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။

BT ရုပ်သံသတင်းထောက်က “လာမယ့်ရာသီကျရင် ချယ်လ်ဆီးအသင်းမှာ ဆက်ရှိမှာလား၊ ဒါမှမဟုတ် Goodbye လို့ပဲ နှုတ်ဆက်တော့မလား”လို့ မေးမြန်းခဲ့တော့ ဟာဇက်က “ကျွန်တော့်အနာဂတ်ကို ဆုံးဖြတ်ချက်ချပြီးသားဆိုတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ပြောပြီးသားပါ။ အခုအချိန်မှာတော့ နှစ်ဖက်အသင်းရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အတူ ကျွန်တော်လည်း ဘာဆက်ဖြစ်မလဲဆိုတာ စောင့်မျှော်နေဆဲဖြစ်ပြီး လာမယ့်ရက်ပိုင်းကြရင်တော့ အဖြေထွက်လာမယ်လို့ ထင်ပါတယ်။ အခုအချိန်ကတော့ Goodbye လို့ ပြောရမယ့်အချိန်ရောက်လာပါပြီ။ ဒါပေမဲ့ ဘောလုံးမှာက ဘာဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ကျွန်တော့်အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ဖြစ်ပြီး အခု(၇)နှစ်ကြာအောင် ကစားခဲ့ပြီးပါပြီ။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရမယ့်အချိန်ရောက်လာပြီလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ မနေ့ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ရီးယဲလ်အသင်းဟာ ဟာဇက်ကို ခေါ်ယူဖို့ ပေါင်(၁၁၅)သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး တစ်ပတ်လစာပေါင်(၄)သိန်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဟာဇက်ဟာ ၂၀၁၂ ခုနှစ်မှာ လိုင်လီအသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်(၂)ကြိမ်၊ FA ဖလား၊ လိဂ်ဖလား (၁)ကြိမ်စီ၊ ယူရိုပါလိဂ်(၂)ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ဟာဇက် လမ်းခွဲဖို့နီးစပ်နေသလို နည်းပြဆာရီ Sarri ကလည်း ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါပြီ။ ချယ်လ်ဆီးအသင်းဟာ ဆာရီအတွက် စာချုပ်လျော်ကြေး ပေါင်(၅)သန်းတောင်းဆိုသွားမယ့် အနေအထားရှိပြီး ဂျူဗင်တပ်စ်အသင်းကလည်း အဲဒီပမာဏကို ပေးချေဖို့ အသင့်ရှိနေတာကြောင့် လာမယ့်ရာသီကြရင် ဆာရီကို ဂျူဗင်တပ်စ်နည်းပြအဖြစ် တွေ့ရတော့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ . .

REF:Daily Mail
Photo:Daily Post Nigeria,Daily Mail,Reuters
Naing Linn(Akhayar)
www.akhayar.com